ပြင်းထန်တဲ့ ငလျင်ကြီးနှစ်ခု ဆက်တိုက် လှုပ်ခတ်သွားရာ ဗင်နီဇွဲလား နိုင်ငံမှာ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေအတွက် မျှော်လင့်ချက် နည်းသထက် နည်းလာနေကြောင်း ကယ်ဆယ်ရေးတွေက ဝန်ခံခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတုန်းက ဗင်နီဇွဲလား မြောက်ပိုင်း ကမ်းရိုးတန်းနားမှာ မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ အဆင့် ဖျက်အားပြင်း ငလျင်ကြီးနှစ်ခု စက္ကန့် ၄၀ လောက်ပဲခြားပြီး လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်တွေရဲ့ ဒဏ်ကြောင့် မြို့တော် ကရာကက်စ် အပါအဝင် ကျယ်ပြန့်လှတဲ့ ဒေသတွေမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။






စျေးဝယ်စင်တာတွေ၊ အထပ်မြင့်တိုက်ကြီးတွေနဲ့ တခြား အဆောက်အအုံတွေလည်း ပြိုကျခဲ့တာကြောင့် အပျက်အစီးပုံတွေအောက်မှာ ပိတ်မိ ပျောက်ဆုံးနေသူတွေ အများအပြား ရှိနေပါတယ်။ ဇွန်လ ၂၉ ရက် မနက်ပိုင်းထိ အခြေအနေအရ ငလျင်တွေကြောင့် သေဆုံးသူ ၁၄၅၀ ထိ များပြားလာခဲ့ပြီး ၃၁၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ငလျင်ကြီးတွေ လှုပ်ခတ်ပြီးပြီးချင်း အစောပိုင်း နာရီတွေမှာ အပျက်အစီးတွေအောက်ကနေ လူပေါင်း ၂၄၀ လောက်ကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၄ ရက်အတွင်းမှာတော့ ကလေးတွေနဲ့ နို့စို့အရွယ်လေး တစ်ဦးအပါအဝင် ၃၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေအတွက် မျှော်လင့်ချက်တွေက ပိုမို လျော့ပါးလာနေကြောင်း ကယ်ဆယ်ရေးတွေက ဝန်ခံခဲ့ပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပိတ်မိသူတွေ ရှိနေမယ်လို့ ယူဆရတဲ့ နေရာတွေမှာ အပျက်အစီးပုံတွေအောက်ကနေ တုံ့ပြန်မှုတွေ ရှိမရှိ ဆိုတာကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။
ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို အင်နဲ့အားနဲ့ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဇွန်လ ၂၈ ရက်နေ့ထိ အခြေအနေအရ အသက်ရှင်သူတွေကို ရှာဖွေ ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း၊ မျှော်လင့်ချက်ကို လုံးဝ မစွန့်လွှတ်ကြောင်း ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က ပြောကြားခဲ့ပါတယ်။
အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)ကတော့ ငလျင်ကြီးနှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ သောင်းဂဏန်းထိ မြင့်မားလာနိုင်ကြောင်း သတိပေးထားပါတယ်။ တကယ်လို့ လူ ၁၀၀၀၀ ကျော် သေဆုံးမယ်ဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လက်တင်အမေရိက ဒေသတွင်းမှာ အသေအပျောက် အများဆုံး ငလျင်လှုပ်ခတ်မှုတွေအဖြစ် မှတ်တမ်းဝင်လာမှာပါ။
ငလျင်ကြီးတွေအပြီး အသက်ရှင် ကျန်နေသူတွေကို ရှာဖွေကယ်ထုတ်နိုင်ဖို့ အရေးအပါဆုံး အချိန်ပိုင်းလို့ သတ်မှတ်တဲ့ ကနဦး ၇၂ နာရီ ကာလဟာ ဇွန်လ ၂၇ ရက်နေ့ ညပိုင်းမှာ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးတွေကတော့ လာမယ့် ရက်ပိုင်းတွေအတွင်း နောက်ထပ် အသက်ရှင်ကျန်သူတွေကို ရနိုင်သမျှ ရှာဖွေ ကယ်ထုတ်ဖို့ မျှော်လင့်ထားဆဲပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဇွန်လ ၂၇ ရက်နေ့တုန်းက အမေရိကန် ကယ်ဆယ်ရေး အဖွဲ့တွေက လာဂွိုင်ရာမြို့ထဲက အပျက်အစီးတွေ အောက်ကနေ ရက်သားအရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူကို အောင်အောင်မြင်မြင် ရှာဖွေ ကယ်ထုတ်နိုင်ခဲ့တာကို ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ ကိုလံဘီယာ ကယ်ဆယ်ရေး အဖွဲ့တစ်ခုကလည်း ၃ မီတာ အနက်လောက်မှာ ပိတ်မိနေတဲ့ အသက် ၁၁ နှစ်သား လူငယ်လေး တစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သတင်းတွေက မွိုက်ဆက်စ်လို့ နာမည်ဖော်ပြတဲ့ လူငယ်ဟာ လက်မောင်းတစ်ဖက်တော့ ကျိုးထားပါတယ်။ သူ့ရဲ့ မိခင်နဲ့ အစ်မတို့ကတော့ ငလျင်တွေအတွင်း သေဆုံးခဲ့ပါတယ်။
အလားတူ မက္ကဆီကို ကယ်ဆယ်ရေး အဖွဲ့တွေဟာလည်း ကာရာဘယ်လီဒါမှာ ၁၁ နှစ်အရွယ် ကလေးတစ်ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































