ဇူလိုင် -၃၊၂၀၂၆။မိုမို/People’s Spring
စလော့ဂိမ်းလောင်းကစားကြောင့် ကျပ်သိန်း ၁၀၀ကျော် ဆုံးရှုံးတဲ့ ၁၂ ဘီးကား ယာဉ်မောင်းသမား ၁ဦးဟာ အောင်ပန်း-ကလောလမ်းပိုင်းမှာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(ဇူလိုင် ၃ ရက်) မနက်အစောပိုင်းမှာ အောင်ပန်း -ကလောလမ်းခွဲ Toll Gate အကျော်မှာ ၁၂ဘီးကားပေါ်မှာ ကြိုးဆွဲချ သေဆုံးသွားတဲ့ ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းက သွားရောက်သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ အသက်(၃၀)ကျော်အရွယ် ကိုလှိုင်မင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက် ညောင်ရွှေမြို့ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
“စပယ်ယာပြောတာကတော့ ကုန်ဖိုးရော သူ့စပယ်ယာကြေးပါ မကျန်တော့ဘူး။စလော့ဂိမ်းဆော့တာ။အဲဒါကို သိခဲ့ရတယ်”လို့ အောင်ပန်းနာရေးကူညီမှုအသင်း အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ကို သိရှိသူ နောက်တစ်ဦးကလည်း” ကုန်ဖိုးငွေ ကျပ်သိန်း ၁၀၀ကျော်နဲ့ စပယ်ယာအတွက် ပေးရမယ့် လစာပါအကုန်ရှုံးသွားတာကြောင့် ကြံရမရ ဖြစ်သွားတာနေမယ်”လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကလောဆေးရုံရင်ခွဲရုံမှာ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
အွန်လိုင်းစလော့ဂိမ်းတွေကို မပတ်သက်ဖို့ လူမှုအသိုင်းအဝိုင်းမှာ အချင်းချင်း သတိပေးကြဖို့လည်း အထက်ပါ သတင်းရင်းမြစ်တွေက တိုက်တွန်းပါတယ်။
ဂိမ်းပေါင်း ၅၀၀ ကျော်လို့ လူသိများတဲ့ စလော့ဂိမ်းတွေဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၁၀နှစ်ခန့်က စတင်၀င်ရောက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှု၊ ဂိမ်းစဆော့စဉ်မှာ ငွေ အလွယ်တကူရတာတွေကြောင့် လူထုကြားထဲပျံ့နှံ့လာတယ်လို့ အွန်လိုင်းစလော့ဂိမ်းအကြောင်းလေ့လာသူတွေက ပြောပါတယ်။
ဒါ့အပြင် စလော့ဂိမ်းကြောင့် မိသားစုပြိုကွဲတာ၊ အကြွေးတင်နေကြတာနဲ့ ကိုယ့်ကိုကိုယ်အဆုံးစီရင်တာ စတဲ့ ဖြစ်စဉ်တွေ ပိုများလာတယ်လို့ သိရပါတယ်။
















































