Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို လေးစားကြောင်း အမေရိကန်ပြော

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်နေစဥ်။ ဓာတ်ပုံ - US Asia Pacific Media Hub)

ဇူလိုင်-၂၄၊ ၂၀၂၆။ သော်မွန်/People’s Spring

အမေရိကန်အစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို လေးစားကြောင်းနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကီဗင်ကင်မ်က ပြောကြားလိုက်ပါတယ်။

အထက်ပါအမေရိကန်သံအမတ်ကြီးက (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ပူးပေါင်းပါဝင်မှု ရလဒ်တွေနဲ့ပတ်သက်လို့ ဒီနေ့ ဇူလိုင် ၂၄ရက် မနက်ပိုင်းမှာ အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်စဥ် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့တာပါ။

“အာဆီယံဟာ ဘုံသဘောတူညီချက်အပေါ် အခြေခံလည်ပတ်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့် အမေရိကန်အစိုးရအနေနဲ့ ဘုံသဘောတူညီချက် ၅ရပ် ချမှတ်ခဲ့တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်မှာလည်း သီးခြားရှုမြင်ချက်တွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက်နဲ့ ထွက်ပေါ်လာတဲ့ ဘယ်လိုကိစ္စရပ်မျိုးကိုမဆို ကျွန်တော်တို့ အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ သံအမတ်ကြီး ကင်မ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ဇူလိုင် ၂၃ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းမြန်မာစစ်တပ်က လိုက်နာမှုရှိ၊​မရှိ စိစစ်သုံးသပ်နေဆဲဖြစ်တာကြောင့် အာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်နိုင်ဦးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်တပ် အကောင်အထည်ဖော်မှုရှိ၊ မရှိ တိုင်းတာမယ့် စံသတ်မှတ်ချက်တွေကို အာဆီယံက ချမှတ်သွားမှာဖြစ်ပြီး စစ်တပ်က လိုက်နာအကောင်အထည်ဖော်မှုမရှိရင် ပျက်ကွက်မှုအဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ မစ္စစ်လာဇာရိုဟာ ဒီနှစ်နှောင်းပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးမစ်ရှင်ကို ဦးဆောင်သွားရောက်ဖို့ ရှိနေပြီး အဲဒီခရီးစဥ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရ၊ မရဆိုတာလည်း မသေချာသေးဘူးလို့ ဇူလိုင် ၂၃ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ပြီးခဲ့တဲ့ ၅နှစ်ကျော်ကာလတလျှောက် အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။​ ဒါ့အပြင် မကြာသေးမီက စစ်တပ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ်က အာဆီယံ ထုတ်ပြန်ချက် ၅ရပ်လို့ သုံးနှုန်းကာ အဲဒီ ၅ရပ်က အာဆီယံအခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေနဲ့ ကိုက်ညီမှုမရှိလို့ သုံးသပ်ပေးဖို့ တိုက်တွန်းခဲ့ပြီး စစ်တပ်လွှတ်တော်က အဲဒီအဆိုကို အတည်ပြုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၂၀၂၁ ဧပြီမှာ အာဆီယံဘုံသဘောတူညီချက် ၅ရပ် ထုတ်ပြန်ခဲ့တာဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒမဟုတ်ဘူးလို့ ဒီနေ့ ဇူလိုင် ၂၄ရက် ဝါဒဖြန့်သတင်းစာမှာ ငြင်းဆိုဖော်ပြပါတယ်။ စစ်တပ် နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထုတ်ပြန်ချက် ၅ရပ်လို့ပဲ သုံးနှုန်းပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိဉာဥ်ပါ အချက်တွေကို လေးစားလိုက်နာသင့်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ ပကတိအခြေအနေများအပေါ် မူတည်ပြီး အာဆီယံနဲ့ အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

Facebook