သြဂုတ်-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်းသီး၊ငှက်ပျောပွဲနဲ့သွားရောက်တောင်းပန်ခဲ့ပါတယ်။
မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်သိမ်းနက်ကဒေသခံပြည်သူတစ်ဦးကို ရိုက်နှက်ခဲ့တာပါ။ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ဦးဆောင်သူ ဗိုလ်မောက်က ကျူးလွန်ခံရသူ မိသားစုထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးတာဝန်သိစိတ်၊တာဝန်ခံစိတ်ဖြင့် တောင်းပန်ခဲ့တယ်လို့ ဖောင်းပြင်မြို့နယ်ပ.က.ဖ လုပ်ရှားတပ်ဖွဲ့ကဩဂုတ်လ ၄ ရက်မှာထုတ်ပြန်ပါတယ်။
ရဲဘော်တစ်ဦးရဲ့အမှားဟာအဖွဲ့အစည်းရဲ့တာဝန်ဖြစ်သည် ဟူသောခံယူချက်နဲ့ အမှားကို တာဝန်ခံပြီး ဝန်ချတောင်းပန်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
အခုလို တာဝန်ယူမှုရှိစွာလာရောက်တောင်းပန်ခြင်းကို လေးစားဂုဏ်ယူကြောင်းနဲ့နောင်အခါတွင်လည်း ရဲဘော်များအနေဖြင့် ပြည်သူများကို မိဘ၊ ညီအစ်ကိုမောင်နှမများကဲ့သို့ လေးစားတန်ဖိုးထား ဆက်ဆံစေလိုကြောင်း ကျူးလွန်ခံရသူ မိသားစုဘက်ကပြောတယ်လို့ ဆိုပါတယ်။
ယခုဖြစ်စဉ်အပေါ် အပြန်အလှန်နားလည်မှုနဲ့ ကြေအေးပေးခဲ့ပြီး၊ ရှေ့ဆက်၍လည်း တော်လှန်ရေးအောင်မြင်ရေးအတွက် အတူတကွ ပူးပေါင်းကာ အားသွန်ခွန်စိုက် ပါဝင်ကူညီသွားမယ်လို့ ပြောကြောင်းဖောင်းပြင်မြို့နယ်ပ.က.ဖ လုပ်ရှားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကိုသင်ခန်းစာယူပြီးရဲဘော်တွေစည်းကမ်းလိုက်နာရေး၊ ပြည်သူ့အပေါ် လေးစားမှုနဲ့တာဝန်ယူမှုရှိတဲ့အပြုအမူတွေကိုတင်းကျပ်စွာလိုက်နာစေဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


















































