ဩဂုတ် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ (၃၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ ဩဂုတ် ၈ရက်မှာ ရွှေကူမြို့နယ် ငဘတ်ကြီး စတပ်စခန်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ သိမ်းရရှိခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအထိနာပြီး တပ်ပြန်ဆုတ်သွားတဲ့ စစ်တပ်နဲ့ ဒီကနေ့ ဩဂုတ် ၉ရက်မှာ တိုက်ပွဲဆက်ဖြစ်တာ မရှိသေးဘူးလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲသတင်း အသေးစိတ် အခြေအနေကိုတော့ အသိပေးထားခြင်းမရှိပါဘူး။

Public Service Announcement
KIA ပူးပေါင်းတပ်ဟာ ဩဂုတ်ပထမပတ်ကလည်း ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ရွာမျာ ခြေကုတ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ရွှေကူမြို့သိမ်းစစ်ဆင်ရေး ဖြစ်လာနိုင်ခြင်းရှိ၊မရှိ မေးမြန်းရာ ဖြေးဖြေးမှန်မှန်သာလုပ်ဆောင်ရမှာ ဖြစ်ပြီး လတ်တလော တော်လှန်ရေးတပ်တွေ အနေနဲ့တောကိုအခြေခံ မြို့ကို၀ိုင်းပုံစံ စစ်ရေးဖော်ဆောင်နေတာလို့ သတင်းရင်းမြစ်က အသိပေးထားပါတယ်။
ရွှေကူဒေသအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
KIA သတင်းပြန်ကြားရေးဌာနရဲ့ ဒီကနေ့ သတင်းဖော်ပြချက်မှာလည်း ရွှေကူဒေသ အပါအဝင် ကချင်ဒေသ တိုက်ပွဲ အခြေအနေတွေဖော်ပြမထားပေမဲ့ စစ်တပ်က တနိုင်းမြို့နယ်ဘက်မှာ လူငယ်တွေကို စစ်သားစုဆောင်းမှု လုပ်ခိုင်းဖို့ စာရင်းတွေ ကောက်ခိုင်းနေတယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ဟာ အရင်ကတည်းက တနိုင်းဒေသက လူငယ်တွေရဲ့ အမည်စာရင်း ကောက်ယူခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်ခြင်းမရှိတဲ့ အခြေအနေမှာ ဖိအားပေးတဲ့ အမိန့်ကို စစ်တပ်ဘက်က ထပ်မံ ထုတ်ပြန်လာတာလို့ ဆိုပါတယ်။
မြစ်ကြီးနား-တနိုင်း လီဒိုလမ်း၊ တနိုင်းမြို့ဝန်းကျင် ရွှေမှော်ဝင်ပေါက်တွေမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်က အင်အားဖြည့်တင်းထားပြီး ပြည်သူလူထုထံက စစ်ဆေးတာ၊ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။


















































