ဩဂုတ်-၁၃၊၂၀၂၆။ခိုင်မြတ်/ People’s Spring
ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းတွေရှိတဲ့ အ၀တောင်ရွာအနီး အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဆယ်ချီသေ ဆုံးကာ နောက်ထပ်တကြိမ်တပ်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ တဆင့် အ၀တောင်စခန်းတွေဆီအင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးဩဂုတ်လ ၁၁ ရက်နေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ဆယ်ချီသေဆုံး၊ ထိခိုက်ခဲ့တာလို့ သိရပါတယ်။
“အင်အား နှစ်ရာကျော်လောက်နဲ့ စစ်ကြောင်းတက်လာလို့ တိုက်ပွဲဖြစ်ကြတာ။ ဟိုရက်က တိုက်ပွဲမှာဒီကောင်တွေ တော်တော်ထိသွားတယ်။အလောင်းနှစ်ဆယ်လောက်ရတယ် ကိုယ့်ဘက်က။အခုတော့တပ်ဆုတ်သွားကြပြီ။ကိုယ့်ဘက်ကလိုက်တိုက်နေတယ်။ တိုက်ပွဲ ပြင်းနေတုန်း”လို့ မြေပြင်မှာ ရှိနေတဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
ရှေ့တန်းမှာအထိနာနေတဲ့စစ်တပ်ဟာဒရုန်းနဲ့ ဂျိုင်ရိုကော်ပတာတွေ ပိုအသုံးပြုလာပြီး ကျောက်ဖြူလေဆိပ်မှာအခြေစိုက်ကာ တိုက်ခိုက်ရေးလေတပ်စခန်းအသွင် ပြင်ဆင်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။
“ကျောက်ဖြူလေဆိပ်ကို လေတပ်စခန်းလို လုပ်နေတာတော့နည်းနည်းကြာပြီ။အခုက တရုတ်ကနည်းပညာအဖွဲ့ ထပ်ရောက်တယ် ကြားတယ်။ဒရုန်းအသစ်တွေရောထပ်ရောက်နေတယ်သတင်းရတယ်”လို့ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲဆုံရာစနဲမြို့ထိ ပြန်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ထိုးစစ်ဆင်လာ တဲ့ စစ်တပ်ဟာ အင်အားအများအပြားသုံး တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်ဦးကျိုးပြီး အကြိမ်ကြိမ်ပြန်လှည့်ခဲ့ရတာ အခုနဲ့ဆို သုံးကြိမ် တိုင်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ရှေ့ကိုမရောက်ဘူး။စနဲ နားထိ တက်ဖို့လုပ်တာ။ဒီတခေါက်လည်းတော်တော်ထိသွားတယ်ပြောတယ်။ဒီလို ထိတိုင်းလေယာဉ်တွေလာတတ်လို့ကြောက်နေကြရတယ်”လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကနေ စစ်ကြောင်းထိုးနေသလိုမင်းပြင်၊ ဇိုင်ချောင်း၊ သိုင်းချောင်းနဲ့ တရုတ် ရဲ့ကုန်းတွင်းပိုင်းဓါတ်ငွေ့သိုလှောင်စက်ရုံ(OGT)ရှိရာ လိပ်ခမော်ရွာအနီးဝန်းကျင်၊ အမှတ်(၃၂)ရဲ တပ်ရင်းအနီးဝန်း ကျင်တို့ကိုလည်း အင်အားဖြည့်ထားပြီး တိုက်ပွဲဖြစ်နေပါတယ်။
မင်းပြင်နားတဝိုက်တိုက်ပွဲမှာလည်းဇူလိုင်လကုန်ပိုင်းက စစ်သားတဆယ်ဝန်းကျင်ရဲ့အလောင်းတွေခဲ့ပါတယ်။ စစ်တပ်ဟာ လိပ်ခမော်အနီးဝန်းကျင်ကို ကျောက်ဖြူမြို့ထဲရှိ ခလရ(၃၄)၊ ခမရ ၅၄၃၊ ခမရ ၅၄၂ တို့ကနေ ကားနဲ့ အင်အားဖြည့်ပြီး တောင်မော်ဦးအနီးစခန်းအနီးကိုတော့ စစ်သင်္ဘောတွေကတဆင့် အင်အားဖြည့်နေတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူ နဲ့ ဓည၀တီရေတပ်စခန်းဆီသွားရာလမ်း မင်းတက်တောင်လမ်းဆုံအနီးဝန်းကျင်တွေကို လက်လွှတ်ခဲ့ရ ပြီး ကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်နေခဲ့တဲ့ စစ်တပ်ဟာ၂၀၂၅ ခုနှစ်မှာ အင်အားအလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ သိုင်းချောင်း၊ မင်းပြင်အနီးဝန်းကျင်တွေကို ပြန်လည်သိမ်းယူခဲ့တာပါ။အဲဒီနေရာတွေထဲက အချို့ကို AA က ထပ်မံသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေ ရပ်နေခဲ့ရာကနေ အခုအခါ တိုက်ပွဲပြန်ဖြစ်ပြီးAAက ထပ်မံသိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)ကအဝေးပစ်လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့်စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းကရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က အထိနာ၊ အကျအဆုံးများနေသလို လက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါ တယ်။ အထိနာနေတဲ့စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
လက်ရှိမှာ AA က ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကိုသိမ်းပိုက်ဖို့ကျန်နေပါသေးတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်၃ မြို့ဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။


















































