ဩဂုတ်-၁၅၊၂၀၂၆၊ရွှေပြည်စိုး/People’s Spring
လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေစဉ် ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမြို့နယ်တွေဖြစ်တဲ့ မြန်အောင်မြို့နဲ့ ဇလွန်မြို့တို့မှာ ရေကာတာကြံ့ခိုင်မှု စိတ်မချရတဲ့အန္တရာယ်ကြုံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေတဲ့မြန်အောင်မြို့မှာ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာက ရေအမြင့် ၁ပေခန့်သာ လိုတော့ပြီး အတွင်းပိုင်းကနေ သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။

Public Service Announcement
မြန်အောင်မြို့တာမိုင် ၆/၃ အနီးမြေထိန်းကွန်ကရစ်နံရံ ပြိုမကျဖို့နဲ့ ရေမကျော်ဖို့အတွက် ဒေသခံလူထောင်ချီပြီး လုပ်အားပေးနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်မှု လုပ်ဆောင်နေရတယ်လို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇလွန်မြို့မှာလည်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်မြင့်တက်နေပြီး ညောင်ပင်သာရွာက ရေကာတာကို သဲအိတ်တွေနဲ့ ကာရံနေရတာဖြစ်ပါတယ်။
” လေးမျက်နှာအပြင် နောက်တစ်နေရာကသာထပ်ပြီးတာကြိုးသွားရင် ဧရာဝတီတိုင်းမလွယ်ဘူး။ အခုကတော့တကယ့်ကိုအရေးပေါ်အခြေနေပါ”လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။
မြန်အောင်နဲ့ ဇလွန်ရေကာတာကျိုးပေါက်ခဲ့ပါက လက်ရှိရေဘေးကြုံနေတဲ့မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့်အန္တရာယ်ရှိနေပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၅ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၉လက်မကနေ ၁ပေခွဲခန့်အထိ ကျော်လွန်နေပါတယ်။
လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာ ကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။
မြစ်ရေတွေထပ်မံမြင့်တက်လာလို့ ရေကြီးနစ်မြုပ်မှု ပိုမိုဆိုးရွားနေပါတယ်။
မိုးလည်းဆက်ကြီးနိုင်တဲ့ သတိပေးချက်တွေနဲ့ မြစ်ရေတွေလည်း ဆက်တက်လာလို့ ဧရာဝတီတိုင်းအတွင်းရေကာတာတွေရဲ့ ကြံ့ခိုင်မှုအန္တရာယ်ကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လေးမျက်နှာရေကာတာကျိုးကျတဲ့ဖြစ်စဉ်ဟာ စစ်အုပ်စုက တမင်လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကသံသယရှိနေသလို လက်ရှိရေးဘေးကယ်ဆယ်ရေးမှာလည်း အစီအစဉ်မကျတဲ့အတွက် စစ်အုပ်စုအပေါ်ကိုယုံကြည်မှုမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
လေးမျက်နှာမြို့ ရေဘေးမှာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်က ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ဩဂုတ် ၅ရက်က ပုသိမ်မြို့ကိုရောက်လာတဲ့ စစ်ကောင်စီ ဒုတိယသမ္မတက ရေဘေးဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးတွေ အပြည့်အဝလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ပြောပါတယ်။
သူအဲ့ဒီလို ပြောနေချိန်မှာပဲ လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာလမ်းဆုံမှာ ရေဘေးသင့်ပြည်သူတွေကိုထမင်းထုပ်လိုက်ဝေတဲ့ လူငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၈ရက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပုသိမ်ခရီးစဉ်မှာလည်း တိုင်းအစိုးရအဖွဲ့ဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ ပြောပြန်ပါတယ်။ လက်ရှိရေဘေးနဲ့ ရေကာနာတွေရဲ့ကြံ့ခိုင်မှုကို အဓိကစီမံကိုင်တွယ်နေတဲ့ ဧရာဝတီတိုင်းအစိုးရကလည်း လနဲ့ချီကြာမယ့်ရေဘေးကို ၁၄ရက်အတွင်း ရေပြန်ကျရင် စပါးတွေမပျက်စီးနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

















































