စက်တင်ဘာ-၂၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာ ၁၇ရက်ကစပြီး မိုးနဲ့အတူ လေပြင်းပါ ကျရောက်ခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်းက တွံတေး၊ သုံးခွ၊ခရမ်းမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မအူပင်၊ ညောင်တုန်း၊ အိမ်မဲ၊ ကျောင်းကုန်းမြို့တွေမှာ စပါးခင်းတွေ လဲကျပြီး ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။

Public Service Announcement
” ကျတော်ဆို ၁၀ဧကရှိတာ။ အကုန်လဲတာပဲ။ ပြန်ကောင်းဖို့မလွယ်ဘူးဗျ။ ကျနော်တို့ဘက်ကတစ်ကွင်းလုံးဖြစ်တာ”လို့ တွံတေးမြို့နယ်ကလယ်သမားတစ်ဦးက ပြောပါတယ်။
သုံးခွမြို့နယ်က စပါးခင်းအချို့လည်း မိုးသက်လေပြင်းကြောင့် လဲကျကုန်လို့ အခက်တွေ့နေတယ်လို့ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။
“လေက အရပ်ရှစ်မျက်နှာကပက်ချာလည်လှည့်တိုက်နေတာ။ ဘယ်ခံနိုင်မလဲ။ အခုလဲကျသွားတဲ့စပါးပင်တွေ နောက်ထပ်အနှောင့်အယှက်မရှိတော့ရင်တောင် ထွက်နှုန်း ၄ပုံပုံ ၁ပုံပဲ ရတော့မှာ။မိုးကြီးလို့ရေထပ်ဝင်ရင်တော့ စပါးအဖူး တွေ ရေမြုပ်ပြီးအကုန်ကုန်မှာ”လို့ ၎င်းက ပြောပါတယ်။
လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက ပျိုးပင်၊ ဓာတ်မြေသြစာနဲ့ စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ကျပ် ၈သိန်းခန့်အထိ ကုန်ကျထားပြီး လယ်သမားတစ်ဦးချင်းဟာ ဆုံးရှုံးမှုကြီးမားတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မိုးနဲ့လေဆက်ပြီး ပြင်းထန်နေတဲ့အတွက် လယ်သမားတွေဟာ စပါးခင်းတွေကို အလျင်အမြန်ရိတ်သိမ်းနေကြပါတယ်။
” စက်တွေနဲ့ရိတ်ရတာ။ ငှားမရပြုမရ။ စက်ရပြန်တော့လည်းဆီမရနဲ့ တော်တော်ကိုဒုက္ခများတယ်။ မိုးနဲ့လေသာ ဆက်ကျနေရင် အပျက်အစီးပိုများလိမ့်မယ်။ ညဘက် အိပ်တာတောင် အိပ်မပျော်ဘူး” လို့ဧရာဝတီတိုင်းညောင်တုန်းမြို့က လယ်သမားတစ်ဦးကပြောပါတယ်။
စက်တင်ဘာလလယ်ပိုင်းက လေပြင်းဘေးကြောင့်ပျက်စီးတဲ့ လယ်ဧကစာရင်းကို မသိရသေးပါဘူး။ စစ်တပ်ရဲ့ဌာနဆိုင်ရာအရာရှိတွေကို အကြောင်းကြားပေမယ့်လည်း ဘာအကူအညီမှမရဘူးလို့ လယ်သမားတွေကပြောပါတယ်။
ဧရာဝတိုင်းက စပါးခင်းတွေဟာ လေပြင်းဘေးရော ရေဘေးကြောင့်ပါ ထိခိုက်ပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပါတယ်။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးခဲ့ပြီး စပါးခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ပါတယ်။
လက်ရှိရာသီဥတုအခြေအနေအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပါအဝင် ဒေသအများအပြားမှာ မိုးဆက်ကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ပိုအားကောင်းလာနိုင်တဲ့အတွက် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။
အဲဒီမုန်တိုင်းဟာ စက်တင်ဘာ ၂၃ရက် နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်း ခြေဘက်ကို ဝင်ရောက်သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။



















































