သြဂုတ် – ၂၄ ၊၂၀၂၆
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက် ညပိုင်းက မလေးရှားနဲ့ နယ်စပ်ထိစပ်နေရာ ထိုင်းတောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ နာရာသီဝတ်၊ ပတ္တနီနဲ့ ယာလာတို့က ခရိုင်ပေါင်း ၂၁ ခုမှာပစ်ခတ်မှု၊ လက်နက်ကိုင် လုယက်မှု၊ အစိုးရ အဆောက်အအုံနဲ့ ယာဉ်တွေကို မီးရှို့မှုစတဲ့ တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကြားမှာ အချိတ်အဆက် ရှိတယ်လို့လည်း ယူဆရပါတယ်။

Public Service Announcement
ထိုင်းတောင်ပိုင်း ဒေသတွေမှာ ၂၀၀၄ ခုနှစ် ကတည်းက ခွဲထွက်ရေး တောင်းဆိုတဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေခဲ့ပေမယ့် အခုတစ်ကြိမ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လုပ်ဆောင်ပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်နိုင်တဲ့ လှုပ်ရှားမှုမျိုးက ရှားပါးလွန်းပါတယ်။
ဒါကြောင့်လည်း ထိုင်းအစိုးရ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ လုံခြုံရေး မြှင့်တင်ပြီး ကင်းလှည့်တာတွေ လုပ်ဆောင်ပြီး အခြေအနေကို တုံ့ပြန် ကိုင်တွယ်နေပါတယ်။
ဩဂုတ် ၂၄ ရက် ညနေပိုင်းထိ အခြေအနေအရတော့ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်း ရှိနေသလဲ ဆိုတာကို မကြေညာသေးပါဘူး။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ လုံခြုံရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကို အရေးပေါ် အစည်းအဝေးတစ်ခုအတွက် ဩဂုတ် ၂၄ ရက်နေ့မှာ ဆင့်ခေါ်ခဲ့ပါတယ်။
အသေးစိတ်ကို မသိရသေးပေမယ့် ထိုင်းရဲ့ အမျိုးသား လုံခြုံရေးကောင်စီ (NSC)၊ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIA)နဲ့ တခြားလုံခြုံရေး ဌာနတွေ အစည်းအဝေး တက်ကြမယ်လို့ ယုံကြည်ရပါတယ်။
ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆီဟာဆက် ဖုန်ကက်ကောင်ကတော့ နိုင်ငံတောင်ပိုင်းက ဖြစ်စဉ်တွေဟာ စိုးရိမ်စရာ အခြေအနေလို့ ဝန်ခံခဲ့ပြီး တကယ်တော့ အဲဒီလို စစ်ဆင်ရေးပုံစံ လှုပ်ရှားမှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ပိုင်းနယ်စပ်က ပြည်နယ်တွေဆိုင်ရာ အစိုးရ အထူးကိုယ်စားလှယ် ကော်မတီ တစ်ရပ်ကို ဦးဆောင်နေသူ ဆီဟာဆက်က ဒီလိုကိစ္စမျိုးအတွက် ထောက်လှမ်းရေး သတင်းတွေ ကြိုရထားလျက်နဲ့ တားဆီးနိုင်ဖို့ လုံလုံလောက်လောက် မစွမ်းဆောင်နိုင်ခဲ့တာကို အရှိအတိုင်း လက်ခံရမယ်လို့ ဆိုပါတယ်။
သတင်းကြိုရထားလျက်နဲ့ ဒါမျိုးတွေ ဖြစ်လာခဲ့တယ်ဆိုတဲ့ အရှိတရားကို လက်ခံရမှာ ဖြစ်ကြောင်း၊ ဒီလို အခြေအနေတွေမှာ ဘယ်လို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တုံ့ပြန်လို့ ရမလဲ ဆိုတာကို အစိုးရက ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ပုံနဲ့ ဘယ်သူက တာဝန်ရှိသလဲ ဆိုတာကို သရုပ်ခွဲပုံတွေမှာ ပိုတိုးတက်လာရမှာဖြစ်ကြောင်း ဆီဟာဆက်က မှတ်ချက်ပေးသွားပါတယ်။
အစိုးရဟာ အလားတူ ကိစ္စမျိုး ထပ်မကြုံရအောင် ထောက်လှမ်းရေးနဲ့ တုံ့ပြန်ရေး အစီအမံတွေမှာ ဘက်ပေါင်းစုံ စစ်ဆေးသုံးသပ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဆက်ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုမျိုးဟာ အစိုးရကို သိက္ခာချဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဆီဟာဆက်က လောလောဆယ်မှာ ရနိုင်သမျှ သတင်းအချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပြီး နောက်ဆုံးမှ စုံလင်တိကျတဲ့ ကောက်ချက်တစ်ခုခု ချနိုင်မယ်လို့ ယူဆကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။
လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရင်း တပြိုင်တည်းမှာပဲ သက်ရောက်ထိခိုက်မှုတွေ ခံစားခဲ့ရတဲ့ ဒေသခံတွေကို ကူညီပေးဖို့ကိုပါ အာဏာပိုင် အဖွဲ့အစည်းတွေကို ဝန်ကြီးချုပ် အနူတင်က ညွှန်ကြားထားကြောင်းလည်း ဆီဟာဆက်က ဆိုပါတယ်။
ထိုင်းအစိုးရဟာ နယ်စပ်မှာ ပြစ်မှုကျူးလွန်ပြီးသူတွေ မလေးရှားပိုင်နက်ထဲ ထွက်ပြေး ဝင်ရောက်သွားနိုင်တာမျိုးကို တားဆီးဖို့အတွက်လည်း မလေးရှား အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေကြောင်း သိရှိရပါတယ်။
ကိုးကား – The Nation/ANN


















































