ဂီနီယာနိုင်ငံမှာ အမှိုက်တွေ စုပုံစွန့်ပစ်ထားရာ တောင်ပို့ကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
အာဖရိက အနောက်ပိုင်း ဒေသတွင်း နိုင်ငံရဲ့ မြို့တော် ကွန်နက်ခရီနားက ဧရာမ အမှိုက်တောင်ပို့ကြီးဟာ ညလုံးပေါက် မိုးရွာသွန်းမှုတွေအပြီး ဩဂုတ် ၂၃ ရက်နေ့ အရုဏ်မတက်မီ အချိန်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ မြို့တော်ရဲ့ ဒါအက်စ်ဆာလမ် ရပ်ကွက်မှာ တည်ရှိတဲ့ အမှိုက်ပုံကြီး ပြိုကျမှုကြောင့် သေဆုံးသူ ၃၀ ထက်မနည်း စာရင်းရထားပြီး ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ၆ ဦးက အခြေအနေ စိုးရိမ်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စစ်သားတွေပါ ပူးပေါင်းပါဝင်ပြီး အမှိုက်ထုကြီးအောက် အသက်ရှင်လျက် ပိမိ၊ ပိတ်မိနေသူတွေကို လိုက်ရှာနေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
အမျိုးသမီး တစ်ဦးကတော့ သူ့ကလေး ၅ ဦးဟာ အဲဒီဖြစ်ရပ်မှာ သေဆုံးခဲ့ကြောင်း၊ အသေအပျောက် စာရင်းဟာ အစိုးရ ထုတ်ပြန်ထားတာထက် ပိုများနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အဲဒီအမှိုက်ပုံကြီးမှာ ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ ရှာဖွေပြီး ရောင်းချသူတွေ နေထိုင်နေကြတာကြောင့်လည်း ထိခိုက်သေဆုံးမှုတွေ များပြားခဲ့တာပါ။ ပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကလည်း အဲဒီ အမှိုက်ပုံတဝိုက်မှာ ခနော်နီ ခနော်နဲ့ တဲလေးတွေ ထိုးပြီး နေထိုင်ကြပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေတူးစက်၊ မြေကော်စက်တွေကိုပါ ယူဆောင်လာပြီး အမှိုက်တွေကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားနေပါတယ်။
ဂီနီယာ ဝန်ကြီးချုပ် မာမာဒူ အူရီဘားဟာ အခင်းဖြစ်တဲ့ နေရာထိ ကိုယ်တိုင်သွားရောက်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒါအက်စ်ဆာလမ် အုပ်ချုပ်ရေးမှူး လန်ဆင်း ဆယ်လားက သေဆုံးစာရင်း အရမ်းမြင့်တက်လာမှာကို စိုးရိမ်မိကြောင်း AFP ဝန်ခံပြောဆိုထားပါတယ်။ ကယ်ဆယ်ရေးတွေ စတင်ပြီး သိပ်မကြာခင်မှာတင် အလောင်း ၁၈ လောင်းကို တွေ့ရှိခဲ့ပြီး ရေခဲတိုက် ပို့ခဲ့ရကြောင်း သူက ပြောပါတယ်။
တူညီတဲ့ နေရာမှာပဲ ၂၀၁၇ တုန်းကလည်း အလားတူ အမှိုက်ပုံပြိုကျမှု ဖြစ်ပွားလို့ လူ ၁၀ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။
ကိုးကား: BBC


















































