မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက် မနက်အစောပိုင်း၊ ဒေသစံတော်ချိန် ၂း၀၀ နာရီ ဝန်းကျင်မှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဒေသခံတွေ အထိတ်တလန့် နိုးထလာခဲ့ကြပါတယ်။ အဲဒီ ငလျင်ဟာ တောင်ပိုင်း အီဘာရာကီ ဒေသရဲ့ မြေအနက် ၆၈ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တာပါ။ ဂျပန်ရဲ့ ရှင်ဒို ငလျင်တိုင်းတာရေး စံနှုန်းတွေအရ ဆိုရင်တော့ အမြင့်ဆုံးအဆင့် ပြင်းအား အဆင့် ၇ ထိ သတ်မှတ်တဲ့ထဲမှာ အခုငလျင်က အဆင့် ၅ လျော့လျော့လောက် ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို လှုပ်ခတ်မှုမျိုးကို တိုကျိုရဲ့ အဒါချီရပ်ကွက်နဲ့ အီဘာရာကီ၊ ဆိုင်တာမာ၊ ချီဘာ ဒေသတွေမှာ သက်ရောက် ခံစားခဲ့ပါတယ်။ တိုကျိုရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ တိုချီဂီ၊ ဂွန်မာ၊ ကာနာဂါဝါတို့မှာတော့ ရှင်ဒိုစံနှုန်းအရ အဆင့် ၄ လောက် လှုပ်ခတ်မှုမျိုး ကြုံတွေ့ခဲ့ရပါတယ်။
အဆင့် ၅ လျော့လျော့ဆိုတဲ့ အခြေအနေမှာတော့ အမြင့်မှာ တင်ထားတဲ့ ပစ္စည်းတွေ ပြုတ်ကျတာ၊ လူတွေက ကြမ်းပြင်ပေါ် ရပ်နေလို့ မရလောက်အောင် ဒယိမ်းဒယိုင်တွေ ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ တချို့နေရာတွေမှာတော့ ငလျင်လှုပ်ခတ်မှုဟာ ၁ မိနစ်လောက်ထိ ကြာမြင့်ခဲ့ပါတယ်။

Public Service Announcement
ဒေသခံတွေရဲ့ မိုဘိုင်းဖုန်းတွေမှာ ငလျင်ကြိုတင် အချက်ပေးသံတွေ မြည်ဟည်းလာပြီး မကြာခင်မှာပဲ လှုပ်ခတ်မှုကို စတင် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ဆိုင်တာမာမှာ ၉ ဦး၊ ကာနာဂါဝါမှာ ၈ ဦး ဒဏ်ရာရခဲ့ပြီး တိုကျိုမှာ အနည်းအကျဉ်း ထိခိုက်မိသူတချို့ ရှိခဲ့ပါတယ်။
ယူရှီကူ မြို့တော်ခန်းမရဲ့ မျက်နှာကျက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပြီး တိုကျိုမှာတော့ ဓာတ်လှေကားထဲ ပိတ်မိနေသူ တချို့ကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်မှုတော့ မရှိခဲ့ပါဘူး။
ငလျင်ကြောင့် ဒေသတွင်းက ရထားပြေးဆွဲမှု တချို့မှာလည်း အနှောင့်အယှက်တွေ ကြုံခဲ့ရပါတယ်။ ဂျပန်ရဲ့ ငလျင်အေဂျင်စီကတော့ အခုငလျင်အပြီး နောက်ဆက်တွဲ ငလျင်တွေကို သီတင်းပတ်တချို့ ကြာတဲ့ထိ ကြုံတွေ့ရနိုင်လို့ လူထုအနေနဲ့ ကြိုတင် သတိထား ပြင်ဆင်ဖို့ နှိုးဆော်ထားပါတယ်။
ငလျင်လှုပ်ပြီး တစ်နာရီနီးပါး အကြာမှာတော့ ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆက်လက် စုံစမ်းနေကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ပြင်းအားတူတဲ့ နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်နိုင်ခြေမျိုးပါ ရှိနေလို့ ပြည်သူတွေ နိုးနိုးကြားကြား နေထိုင်ကြဖို့လည်း ဝန်ကြီးချုပ်က သတိပေးထားပါတယ်။ ဂျပန် မိုးလေဝသ အေဂျင်စီ (JMA)ကလည်း အခုငလျင်ရဲ့ သက်ရောက်မှုဟာ အနီးတဝိုက် ပြတ်ရွေ့ကြောတွေကို သက်ရောက်သွားပြီး လာမယ့် သီတင်းပတ်တွေအတွင်း နောက်ထပ် ပြင်းအားတူ ငလျင်မျိုး လှုပ်ခတ်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းမှာ ဆက်စပ်တည်ရှိပြီး ငလျင်လှုပ်ခတ်မှုတွေကို မကြာခဏ ကြုံတွေ့နေကျ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ကိုးကား: Japan Times


















































