ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၂၁ ရက်နေ့တုန်းက ဖာဂါစတာမြို့မှာရှိတဲ့ ဘရင်နဲလ် စာသင်ကျောင်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ကျောင်းသားဟောင်း တစ်ဦးလို့ ယူဆရတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်က ဓားတစ်လက်ကို ယူလာပြီး စာသင်ကျောင်းထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် သူ့ကို ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁ ဦးရှိခဲ့ပြီး ဆယ်ကျော်သက် ကျောင်းသား ၂ ဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း၊ နောက်ထပ် ၁ ဦးကတော့ အပေါ်ယံ ဒဏ်ရာ အနည်းအကျဉ်းလောက် ရခဲ့ကြောင်း ရဲတွေက ပြောပါတယ်။
ကျူးလွန်သူရဲ့ နာမည်ကို မကြေညာသေးသလို ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ရဲတွေက မထုတ်ပြန်သေးပါဘူး။

Public Service Announcement
စာသင်ကျောင်း တိုက်ခိုက်မှု သတင်းကို ကြားပြီးပြီးချင်း အဲဒီဧရိယာမှာရှိတဲ့ ကျောင်း ၈ ခုမှာ လုံခြုံရေးဆိုင်ရာ lockdown အစီအမံတွေကို အသက်သွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။
ဒေသခံ မီဒီယာတွေက တိုက်ခိုက်သူဟာ ခေါင်းဆောင်းဦးထုပ် တစ်ခုကို ဝတ်ဆင်ပြီး ကျောင်းထဲ ရောက်လာခဲ့ကြောင်း ဖော်ပြကြပါတယ်။ ရဲတွေကတော့ အခြေအနေကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ကြောင်းနဲ့ ဒေသခံ လူထုအတွက် နောက်ထပ် အန္တရာယ် မရှိတော့ကြောင်း ထုတ်ပြန်ပါတယ်။
ဆွီဒင် ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတန်ဆန်ကတော့ ဒီကိစ္စဟာ အထူးအလေးအနက် ထားရမယ့် မှုခင်းမျိုးလို့ ပြောကြားခဲ့ပေမယ့် ရဲတွေက မှန်မှန်ကန်ကန် ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
နွေရာသီ ပိတ်ရက်အပြီး ကျောင်းတွေပြန်ဖွင့်တာ မကြာသေးတဲ့ အချိန်မှာပဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဘရင်နဲလ် ကျောင်းမှာ တက်ရောက် သင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၅၀၀ နီးပါးလောက် ရှိပါတယ်။
ဆွီဒင်ဟာ တရားဥပဒေ စိုးမိုးမှု အားကောင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပညာရေး ဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမို ကြုံတွေ့လာပါတယ်။
မနှစ်ကဆိုရင် နိုင်ငံသမိုင်းမှာ အဆိုးဆုံး အစုလိုက် ပစ်ခတ်မှုနဲ့ တွေ့ကြုံခဲ့ပြီး အိုရီဘရိုမြို့က ပညာရေးစင်တာ တစ်ခုမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သေနတ်သမား အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။
သေနတ်သမားဟာ ရိုင်ဖယ် လေးလက်ထိ တရားဝင် ဝယ်ယူ ပိုင်ဆိုင်ပြီး သုံးလက်ကို ပစ်ခတ်မှုမှာ အသုံးပြုခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် အစိုးရဟာ ပြည်သူတွေရဲ့ လက်နက်ဝယ်ယူ ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေကိုလည်း တင်းကျပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက မယ်လ်မိုမှာရှိတဲ့ အလယ်တန်းကျောင်း တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ဆရာနှစ်ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၅ တုန်းက ထရိုလ်ဟက်တမ်က ကျောင်းတစ်ကျောင်းမှာ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားပြီး ကျောင်းဆရာတစ်ဦးနဲ့ ကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: BBC


















































