သြဂုတ် – ၂၄ ၊၂၀၂၆
တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။
ကားမောင်းနေချိန်မှာ ကားတံခါး လက်ကိုင်က ကိုယ်ထည်ထဲ ပုန်းကွယ် မြုပ်ဝင်သွားတာဟာ ခေတ်မီ EVတွေမှာ ခေတ်အစားဆုံး featureတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီစနစ်က ကားရဲ့ ရွေ့လျားမှု မြန်နှုန်း aerodynamicကို ပိုမို ကောင်းမွန်စေသလို ခေတ်ရှေ့ပြေးတဲ့ အငွေ့အသက်ကိုလည်း ခံစားရစေပါတယ်။
ဒါပေမဲ့ အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာရင်တော့ ကိုယ်ထည်ထဲ နစ်ဝင်ပျောက်ကွယ်နေတဲ့ တံခါးကို ဖွင့်မရတဲ့ ပြဿနာမျိုး ရှိနေတာကြောင့် တရုတ်က အဲဒီစနစ်နဲ့ ပတ်သက်ပြီး လုံခြုံရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။

Public Service Announcement
ဒါကြောင့်လည်း Teslaက တရုတ်မှာ ထုတ်လုပ်ပြီး ရောင်းချထားတဲ့ ကားတွေမှာလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ တံခါးလက်ကိုင်ပုံစံနဲ့ ပြန်လည်ပြောင်းလဲ တပ်ဆင်ပေးဖို့ လိုအပ်လာခဲ့ပါတယ်။ Teslaက ကားအစီးရေ သုံး သန်းနီးပါးကို ပြန်ခေါ်ပြီး လက်ကိုင်တွေ လဲတပ်ပေးမယ်လို့ ကြေညာထားသလို တရုတ် EV ကုမ္ပဏီတွေဖြစ်တဲ့ XPeng၊ Xiaomiနဲ့ Geelyတို့လည်း အလားတူ ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။
Teslaရဲ့ EVတွေမှာတော့ တံခါးလက်ကိုင်ဟာ ကားကိုယ်ထည်နဲ့ တစ်သားတည်း နစ်ဝင်နေပြီး အပြင်ဖက်ကနေ ကားပိုင်ရှင် ချဉ်းကပ်လာတော့မှ အလိုအလျောက် ထွက်ပေါ်လာအောင် တီထွင်ပေးထားပါတယ်။
တရုတ်မှာ Xiaomi ကုမ္ပဏီရဲ့ EV လူသေဆုံးတဲ့ထိ မတော်တဆ ဖြစ်စဉ်နှစ်ခု ပေါ်ပေါက်ခဲ့ပြီးချိန်မှာတော့ အဲဒီတံခါးလက်ကိုင် နည်းပညာအပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဖြစ်ရပ် နှစ်ခုစလုံးမှာ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ တာဝန်သိ ပြည်သူတွေဟာ ပိတ်မိနေသူတွေကို အချိန်လုပြီး ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် တံခါးလက်ကိုင်က ဖွင့်မရလို့ လူ့အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
Teslaက ကုမ္ပဏီထုတ် Model 3၊ Model Y၊ Model Sနဲ့ Model X မော်တော်ကားတွေက တံခါးလက်ကိုင်တွေကို ပြန်လဲတပ်ပေးမယ့် အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။
Teslaရဲ့ အဆိုအရ ကားတံခါး လက်ကိုင်တွေဟာ မောင်းနှင်ချိန်မှာ ကိုယ်ထည်ထဲ ဆက်ပြီး မြုပ်ဝင်နေမှာ ဖြစ်ပေမယ့် အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ အပြင်ဖက်က ဆွဲဖွင့်နိုင်အောင် ပြန်လည် ထွက်ပေါ်လာစေဖို့ softwareပိုင်း update လုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကားကိုယ်ထည်ရဲ့ အရောင်နဲ့ လုံးဝ ကွဲပြားပြီး ထင်းထင်းလင်းလင်း မြင်သာစေမယ့် လက်ကိုင် အရောင်မျိုး ပြောင်းတပ်မှာ ဖြစ်ပါတယ်။
Teslaနဲ့ တခြားကုမ္ပဏီတွေက တရုတ်မှာ ပြောင်းလဲပေးမယ့် တံခါးလက်ကိုင် စနစ်မျိုးကို တခြားနိုင်ငံတွေဆီ တင်ပို့တဲ့ ထုတ်ကုန်တွေ အတွက်ပါ ထောက်ပံ့ပေးမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကားကိုယ်ထည်ထဲ မြုပ်ဝင်နေတဲ့ တံခါးလက်ကိုင် နည်းပညာကို Teslaရဲ့ Model S ဆီဒင်ကားတွေမှာ ၂၀၁၄ ခုနှစ်က စတင် အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ တရုတ် EVတွေကပါ လိုက်လံ တုပ အသုံးပြုလာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလမှာတော့ တရုတ်ဟာ အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာချိန် ကိုယ်ထည်ထဲ နစ်ဝင်နေတဲ့ တံခါးလက်ကိုင် စနစ်တွေကို ကားတွေမှာ တပ်ဆင်ထားတာမျိုးကနေ ပိတ်ပင်ခဲ့ပြီး အဲဒီအမိန့်ဟာ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ စတင် အသက်ဝင်မှာပါ။
Teslaရဲ့ တံခါးလက်ကိုင်တွေဟာ ရုတ်တရက် အလုပ်မလုပ်တော့ဘဲ ရပ်သွားတာမျိုးဖြစ်လို့ ကလေးတွေ ကားထဲ ပိတ်မိနေတဲ့ ဖြစ်စဉ်တချို့ ကြုံခဲ့ဖူးတဲ့နောက် အမေရိကန်မှာ လုံခြုံရေး စံနှုန်းဆိုင်ရာ စစ်ဆေးမှုတွေ ခံယူခဲ့ရဖူးပါတယ်။
ကိုးကား: – BBC


















































