တရုတ်က တီထွင်တဲ့ လူတူစက်ရုပ် တစ်ခုဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ လူသားတွေရဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက်နေ့တုန်းက တရုတ် မီဒီယာတွေက Lightningလို့ နာမည်ပေးထားတဲ့ စက်ရုပ်ဟာ စမ်းသပ်အဆင့် မှတ်တမ်းယူတဲ့ အစီအစဉ် တစ်ခုမှာ မီတာ ၁၀၀ ကို ၉.၃၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဂျမေကာ အားကစား ကြယ်ပွင့်ဟောင်း အူစိန်ဘော့တ်က ၂၀၀၉ ခုနှစ် ဘာလင် ကမ္ဘာ့အားကစား ပွဲတော်မှ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပန်းဝင်တဲ့ ကမ္ဘာ့စံချိန်ကို အသာရခဲ့တာ ဖြစ်ပါတယ်။
တရုတ် စမတ်ဖုန်း အမှတ်တံဆိပ် Honorနဲ့ Beijing Innovation Centre of Humanoid Roboticsက ပူးပေါင်း တည်ဆောက်ထားတဲ့ Lightningဟာ ဧပြီလတုန်းက ဘေဂျင်း တာဝက် မာရသွန် ပြိုင်ပွဲကိုလည်း ၅၀ မိနစ် ၂၆ စက္ကန့်နဲ့ ပန်းဝင်ပြီး ပထမဆု ရခဲ့ပါတယ်။ အဲဒီမြန်နှုန်းဟာ လူသားတွေရဲ့ တာဝက် မာရသွန် ကမ္ဘာ့စံချိန်ထက် သာလွန်ပါတယ်။
အဲဒီတုန်းက Lightingမှာ ၉၅ စင်တီမီတာရှည်တဲ့ ခြေထောက်တွေ တပ်ဆင်ပေးထားပြီး အရပ် ၁၆၉ စင်တီမီတာ အမြင့်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပညာရှင်တွေက Lightningကို ကမ္ဘာ့ လူတူစက်ရုပ်များ အားကစား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေဖို့ စီစဉ်နေပြီး ခြေထောက်အရှည်ကို ၁၀ စင်တီမီတာ ထပ်တိုးထားပါတယ်။

Public Service Announcement
မှတ်တမ်းယူခဲ့တဲ့ အစမ်းပြေးလွှားမှုမှာတော့ Lightningဟာ အမြင့်ဆုံး အရှိန်မှာတော့ တစ်စက္ကန့်ကို ၁၄.၅ မီတာနှုန်းထိ ရောက်ရှိခဲ့ပါတယ်။ တရုတ်လူတူ အပြေးစက်ရုပ်တွေဟာ မြန်နှုန်းမြင့်မြင့် ပြေးလွှားနိုင်ပေမယ့် အရှိန်သတ်တဲ့ အပိုင်းမှာတော့ အခက်အခဲတွေ ရှိနေဆဲ ဆိုတာကို ပန်းဝင်ပြီးချိန် ရေမြှုပ်နံရံကြီးတွေဆီ အရှိန်နဲ့ ဝင်တိုက်တာကို ကြည့်ရင် တွေ့နိုင်ပါတယ်။
တစ်ချိန်ကတော့ လူတူစက်ရုပ်တွေ တီထွင်ဖန်တီးရာမှာ ဟန်ချက်ညီညီ လမ်းလျှောက်တာ၊ ပြေးလွှားတာတွေက အခက်ခဲဆုံး စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပေမယ့် ဉာဏ်ရည်တု နည်းပညာ (AI) ပေါင်းစပ်မှု၊ အဆက်မပြတ် သုတေသနပြု လေ့လာမှုတွေကြောင့် အဲဒီ အတားအဆီးကို တရုတ်စက်ရုပ်တွေက စတင် ကျော်လွှားလာနေပြီလို့ ယုံကြည်ရပါတယ်။
တရုတ်အစိုးရဟာ လူတူစက်ရုပ် နည်းပညာ စျေးကွက်ကို ဦးဆောင်နိုင်ဖို့ အလေးအနက် မျှော်လင့်နေသလို ပြည်တွင်းက စက်ရုပ်နည်းပညာ ကုမ္ပဏီတွေကိုလည်း ထောက်ပံ့ အားပေးနေပါတယ်။ အဲဒီအတွက်လည်း စက်ရုပ်တွေရဲ့ အားကစား ပြိုင်ပွဲတွေ၊ စွမ်းရည်ပြ အစီအစဉ်တွေကို အထူးအာရုံစိုက် ကျင်းပပေးနေပါတယ်။
သိပ်မကြာခင် နှစ်ပိုင်းတွေမှာတော့ လူတူစက်ရုပ်တွေကို လုပ်ငန်းသုံး၊ သယ်ယူပို့ဆောင်ရေး နယ်ပယ်တွေမှာ လက်တွေ့ကျကျ အသုံးချလာနိုင်ဖို့လည်း တရုတ်က မျှော်လင့်နေပါတယ်။ စစ်ရေးသုတေသီတွေကတော့ အနာဂတ်မှာ တရုတ်ဟာ လူတူစက်ရုပ်တွေကို စစ်မြေပြင်မှာပါ တပ်သားတွေအဖြစ် ဖြန့်ကျက် အသုံးပြုဖို့ထိ ရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။
ကိုးကား: BBC


















































