အေးခိုင်ဦး ရေးသားသည်။
ငယ်ငယ်က မိုးတွေရွာရင် သိပ်ပျော်ခဲ့တာ။ မိုးသည်းသည်းထဲမှာသူငယ်ချင်းတွေနဲ့ မောင်နှမတွေနဲ့အတူပြေးကစားရတာကို ကြိုက်တယ်။ မိုးရေတွေချိုးကြတယ်။ မိုးရေစက်တွေ ခေါင်းပေါ်ကို ကိုယ်ပေါ်ကို ကျလာတဲ့အရသာက သိပ်ကောင်းခဲ့တာ။
ခေါင်မိုးရေတံလျှောက်ကကျလာတဲ့ရေလုံးတွေကိုလည်းသိပ်လှတာပဲလို့ထင်ခဲ့တယ်။ ကျောင်းသွားချိန်မိုးရွာလို့ ထီးမလုံလောက်တဲ့အချိန်တောင် သိပ်စိတ်မညစ်ခဲ့ပါဘူး။ ထီးကိုင်းတချောင်းလောက် ကျိုးနေရင်တောင် ဆောင်းပြီး ထွက်သွားလိုက်တာပဲ။ ကျောင်းပြန်ချိန်မိုးရွာတွေထဲလည်း ပျော်စရာကောင်းခဲ့တာ။တချို့က မိုးကာ၊ တချို့က ခမောက်တွေနဲ့။ လေတိုက်လို့ တယောက်ရဲ့ခမောက် လွင့်သွားပြီဆို အားလုံးအတွက် ရယ်မောစရာ။ လွင့်သွားတဲ့ခမောက်နောက်ကို ပြေးလိုက်ကြ နဲ့။ အားလုံးကလည်း ရွှဲရွှဲစိုလို့။
မိုးတွေရွာတာ၊မိုးတွေစိုတာဒုက္ခမဟုတ်ခဲ့သေးဘူးလေ။ မိုးတွေသည်းလို့ ခြံထဲမှာ ရေစပ်စပ် တင်ကျန်ခဲ့လို့ မြက်ဖျားလေးတွေ ရေပေါ် ပေါ် နေတာလည်းကြည့်လို့လှခဲ့တာပဲ။မိုးခြိမ်း

Public Service Announcement
သံတွေဟာလည်း ကြောက်စရာမဟုတ်ခဲ့ဘူး။ အိမ်ပြတင်းကနေ မိုးတွေထဲကို ကြည့်နေရရုံနဲ့လည်းသာယာခဲ့တတ်တာ။ဘယ်ရာသီကို အ
ကြိုက်ဆုံးလဲလို့ မေးခဲ့ရင်တောင် မိုးရာသီ လို့ ဖြေတတ်ခဲ့တာလေ။
ပိုငယ်တဲ့ကလေးလေးတွေအရွယ်ကတော့ မိုး ဟာ ပုံပြင်တပုဒ်။ မောင်နှမတွေကို အမေက ထမင်းခွံ့ကျွေးရင် ကလေးလေးတွေ ငြိမ်ငြိမ်လေးထိုင်ပြီးစားကြဖို့ အမေပြောတဲ့ ပုံပြင်လေးတပုဒ်ရှိပါတယ်။ ဘယ်တော့မှ မေ့မသွားမယ့်ပုံပြင်လေးပေါ့။
ရခိုင်ပြည်မှာ မုန်တိုင်းလာရင် ကလေးလေးတွေက အိမ်ထဲမှာငြိမ်ငြိမ် ကုပ်ကုပ်လေးနေပြီးအမေခွံ့ကျွေးတဲ့ ထမင်းကိုစားနေကြတယ်တဲ့။ ငါးသလောက် ငါးဆားနယ်လေးနဲ့ အမေခွံ့ကျွေးတဲ့ထမင်းက သိပ်အရသာရှိတာပဲတဲ့။ ကလေးတွေက ကြိုက်လွန်းလို့ ဗိုက်ကလေးတွေကားအောင်စားပြီးတော့ မိုးသံတွေနားထောင်ပြီး အိပ်ကြတာတဲ့။ မိုးလင်းတော့ မုန်တိုင်းလည်းစဲသွားပြီ။ မြို့ထဲကိုထွက်ကြည့်ကြတော့ လမ်းပေါ်မှာ လှေတွေ မော်တော်တွေ တင် လို့တဲ့လေ။ အဲလိုနေ့တွေဆို ငါးတွေကလည်း ပေါလိုက်တာတဲ့။ ငါးတွေအများကြီးဝယ်ပြီးပြန်လာကြတယ်။ အိမ်ရောက်တော့အမေက ငါးတွေကို ဆားနဲ့သိပ်တော့တာပဲတဲ့။ နောက်တခါမုန်တိုင်းလာရင် ကလေးတွေ စားကြဖို့တဲ့လေ။
တကယ်တော့ အမေရော မောင်နှမတွေရော ကရခိုင်ပြည်ဆိုတာကိုရောက်တောင်မရောက်ဖူးကြသေးတဲ့ အချိန်ပါ။ မုန်တိုင်းဆိုတာကိုလည်း မကြုံဖူးကြသေး။ မုန်တိုင်းနဲ့တွဲနေတဲ့ရခိုင်ပြည်ကိုလည်း ရောက်ဖူးချင်ခဲ့လိုက်ကြတာ။ မုန်တိုင်းဟာကြောက်စရာလို့ မတွေးနိုင်ခဲ့ကြသေးတဲ့အရွယ်ပေါ့။ အရသာရှိတဲ့ထမင်းလုတ်လေးတွေကို အမေခွံ့ကျွေးနိုင်ခဲ့သေးတဲ့ ကလေးဘဝ။ မုန်တိုင်းပေးတဲ့ဒုက္ခတွေကိုလည်း မခံစားဖူးကြသေးတဲ့အရွယ်ပဲပေါ့။
မိုးရဲ့ဒုက္ခတွေကို ကြီးလာတဲ့အခါ သိခဲ့ပါပြီ။ မိုးမလုံတဲ့အိမ်ပေါင်းများစွာကိုလည်း တွေ့ဖူး နေဖူးခဲ့ပြီ။ အိုးတွေ ခွက်တွေ စီနေအောင်မိုးရေခံထားကြရတဲ့ ရေရွှဲနေတဲ့အိမ်တွေ။ ရေပတ်လည်ဝိုင်းနေတဲ့ အိမ်သေးသေးလေးတွေ။ ဆောင်းစရာ အမိုးအကာမလုံလောက်လို့ ကျောင်းမသွားနိုင်တဲ့ ကလေးတွေ။ မိုးရေထဲမှာ ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက် သေဆုံးရတဲ့ သတင်းတွေ။ မိုးတွေညိုလာရင်၊ မိုးခြိမ်းသံတွေကြားရင် ကြောက်တတ်လာခဲ့ပြီလေ။
မိုးရွာရင် ခြံထဲကိုရောက်လာတာဟာ ရေ စပ်စပ်လေးလည်းမဟုတ်တော့ဘူး။ ဝင်လာတာက အလုံးအရင်းနဲ့ရေလုံးတွေ။ ခြံထဲတင်မက အိမ်တွေထဲပါရောက်လို့ ဆုံးရှုံးမှုတွေကြီးရတာ မိုးရက်တွေပါ။ ဒါပေမယ့် မြို့ကြီးရဲ့ရေဒုက္ခကတော့ ရက်ပိုင်းပေါ့။ ရက်တင်မက လ ချီတဲ့ ရေဘေးဒုက္ခတွေက နိုင်ငံအနှံ့မှာ။ အိမ်ထဲကိုရေဝင်ရုံ ပစ္စည်းတွေပျက်စီးရုံနဲ့တောင် စိတ်ညစ်ကြရတာ၊ တကယ့်ရေဘေးကို ကြုံတွေ့နေရတဲ့သူတွေအဖို့ ဘယ်လောက်များကြီးလိုက်တဲ့ ဒုက္ခဆိုတာတွေးကြည့်ရုံနဲ့ပဲ ကိုယ်ချင်းစာလို့ရပါတယ်။အိမ်တွေ ပစ္စည်းတွေဆိုတာ တွေးဖို့မပြောပါနဲ့ ကိုယ့်မိသားစုအသက်အတွက် လွတ်အောင်ရုန်းကြရတဲ့သူတွေပါ။
ဒီလောက်များတဲ့ဒုက္ခတွေကိုကယ်ဖို့ လှေတွေဆိုတာ ဘယ်မှာလောက်ငှမှာလဲလေ။ ရနိုင်သမျှနဲ့ မနိုင်မနင်း လှေနဲ့အပြည့် ကယ်ဆယ်ရေးတွေ။ ထမင်းထုပ်တွေ ရေသန့်ဗူးတွေ စားစရာ အခြောက်အခြမ်းတွေ နဲ့ လှေတွေ။ ကယ်ဆယ်ရေးလုပ်ရင်း ရေနဲ့မျောပါ သေဆုံးရတဲ့ လူငယ်လေးအကြောင်းတွေ။ ရေဖုံးနေတဲ့ ပျက်စီးသွားတဲ့ စပါးခင်း ဧကပေါင်းများစွာတွေ။ ဒီမြင်ကွင်းတွေဟာ ဘယ်တော့မှ မမေ့တော့မယ့် မြင်ကွင်းတွေ။
ကူညီကယ်ဆယ်ရေးတောင်လုပ်လို့မရပဲ ကူညီမယ့်သူတွေကိုခြိမ်းခြောက်တာ၊ ရေဘေးသင့်တဲ့ နေရာတွေကို ဗုံးကြဲချတာ။ အမေချစ်တဲ့ ရခိုင်ကိုလည်း ဗုံးတွေကြဲတာ။ ဒီမိုးမတိုင်ခင်ရော ဒီမိုးမှာရောပေါ့။ အမေကတော့ မသိနိုင်တော့ပါဘူး။ စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့နော်။ အဆိုးတွေကတော့ မပြီးနိုင်တော့ဘူးလေ။ နိုင်ငံအနှံစစ်ဘေးသင့်နေရတဲ့အချိန်မှာ ရေဘေးက သင့်ရတယ်။ ရေဘေးသင့်ရင်းနဲ့ပဲ စစ်ဘေးက ထပ် သင့်ရတယ်။ ဒီလိုမိုးရာသီမျိုးတခြားမှာ ရှိနိုင်ပါဦးတော့မလား။
အခု နောက်တမျိုး ဒီမိုးမှာပဲ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောကနေ ဝမ်းရောဂါပါ ဖြစ်ပြီတဲ့။ မြို့မှာရေတွေကြီးပြီးတော့ မသန့်မရှင်းတွေဖြစ်ကြလို့ပဲ ထင်ပါရဲ့။ ဆေးရုံ ဆေးခန်းတွေမှာ လူအပြည့်သတင်းတွေ၊ ဆောင်ရန် ရှောင်ရန်ပညာပေးတွေ။ ဒီစိုးရိမ်ရတဲ့ရောဂါကိုရောထိန်းနိုင်ကြပါ့မလား။ထိန်းနိုင်ဖို့ အသိပညာ နဲ့ ရှောင်စရာတွေကိုရှောင်နိုင်ကြဖို့ ပြည့်စုံမှုတွေကရော ရှိကြပါ့မလား။တယောက်တလက် လက်ဆင့်ကမ်းလို့ ကြိုးစားထိန်းကြရအောင်နော်။
ရာသီဥတုပြောင်းလဲမှုမှာ သဘာဝဘေးဒုက္ခတွေက ရေကြီးလိုက်၊ ရေခမ်းလိုက်၊ မြေတွေပြိုလိုက် အမျိုးစုံကြုံနေကြရဦးမှာ။သဘာဝဘေးထဲမှာလူကြောင့်ဖြစ်တဲ့စစ်ဘေးတွေကလည်း ပေါင်းစပ်နေဦးမှာ။မိုးရေတွေထဲမှာ မျက်ရည်တွေကလည်းအတူရောနေကြရလိမ့်ဦးမှာ။
မိုးဟာ အခု ကလေးတွေအတွက် ပျော်စရာမှ ဖြစ်ခဲ့ဖူးပါရဲ့လား။ ဘေးဒုက္ခပေါင်းစုံကနေ လွတ်ကင်းတဲ့ ကလေးဘဝတွေကို မရနိုင်ကြတော့ဘူးတဲ့လား။ မိုးရေထဲမှာ ပြေးကစားပြီး ပျော်နေကြတဲ့ ကလေး လေးတွေကို မြင်ရတဲ့အချိန် ရောက်စေချင်ပါပြီ။


















































