ထိုင်းမှာ စတိုးဆိုင် အလစ်သုတ်မှုအပြီး ထွက်ပြေးချိန် လိုက်ဖမ်းတဲ့ ရဲကိုပါ ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။
ဩဂုတ် ၂၂ ရက်နေ့က ဖြစ်စဉ်မှာတော့ အသက် ၂၉ နှစ်အရွယ် အမေရိကန် နိုင်ငံသား အလက်ဇန္ဒား ထရိုင် လိုပက်ဇ်ဟာ ဘန်ကောက်က ဆန်ဖမ်သာဝေါင် ခရိုင်ထဲက 7 Eleven ကုန်စုံဆိုင် တစ်ခုမှာ လုယက်မှု ကျူးလွန်ရင်း သူ့ကို လိုက်ဖမ်းတဲ့ ယာဉ်ထိန်းရဲကို ကတ်ထူစက္ကူဘူးဖြတ်တဲ့ဓား box cutterနဲ့ တိုက်ခိုက်ခဲ့တာပါ။
သူ့လက်ချက်ကြောင့် အသက် ၅၆ နှစ်အရွယ် ရဲတပ်ကြပ် ပရာဆန် ဆွမ်ကာနီဟာ လည်ပင်းမှာ ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ နိုင်ငံခြားသား တစ်ဦးက စတိုးဆိုင်မှာ လုယက်ပြီး ခြေလျင် ထွက်ပြေးသွားကြောင်း အဲဒီဧရိယာမှာ တာဝန်ကျနေတဲ့ ပရာဆန်ကို တာဝန်သိ ပြည်သူတွေက သတင်းပေးခဲ့ပါတယ်။ ဒါကြောင့် ပရာဆန်ကလည်း သူ့ရဲ့ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ရင်း အမျိုးသားကို လိုက်ဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သံသယ တရားခံက အဖမ်းမခံဘဲ အကြမ်းပတမ်း တုံ့ပြန်ရင်း ပရာဆန်ကို ဓားနဲ့ လှမ်းတွတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးသွားပါတယ်။ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ ပရာဆန်ကို လမ်းသွားလမ်းလာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက နီးစပ်ရာ ဆေးရုံတစ်ခုဆီ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သလို အရေးပေါ် ကုသခဲ့ရပါတယ်။

Public Service Announcement
ဘန်ကောက် ရဲတပ်ဖွဲ့ဟာ နောက်ပိုင်းမှာတော့ လိုပက်ဇ်ကို လိုက်လံရှာဖွေခဲ့ပြီး နာရီဝက်လောက်အကြာ မွန်းမတည့်ခင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုတော့ သူ့ကို ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။
သံသယ တရားခံဟာ လူသတ်ရန် ကြံစည်မှု၊ တာဝန်ထမ်းဆောင်နေတဲ့ ရဲကို တိုက်ခိုက်မှု၊ လုယက်မှု၊ ဓားပြမှုတွေနဲ့ စွဲချက်တင် ခံရဖွယ် ရှိပါတယ်။ ရဲတွေက လိုပက်ဇ်ဟာ မက်သာဖက်တမင်းလို့ ယူဆရတဲ့ မူးယစ်ဆေး သုံးစွဲထားတာကို ဆေးစစ် တွေ့ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ သူဟာ စိတ်မတည်ငြိမ်သလို လက္ခဏာတွေ ပြသနေပြီး ကနဦး စုံစမ်းမေးမြန်းမှုတွေကိုလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်းမှု မရှိဘူးလို့ သိရပါတယ်။
ကိုးကား: Thai Enquirer

















































