အောက်တိုဘာ-၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်က သူ့လက်အေက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စက်တင်ဘာလတုန်းက ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသရှိ စစ်တပ် နဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းရတာရှိပြီးအဲဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေ ဆက်ရှိနေတာလို့ ဆိုပါတယ်။
“ဖြေးဖြေးနဲ့ ကျနော်တို့လည်းနယ်မြေကတော့ထိန်းချုပ်နိုင်တဲ့ နေအထားတော့ရှိပါတယ်။

Public Service Announcement
ရဟတ်ယာဉ်ကွင်းငယ်လေး တခုကိုလည်း ကျနော်တို့ သိမ်းရတာရှိပါတယ်။ ဒါကတော့ လွန်ခဲ့တဲ့လမှာ ဖြစ်ပါတယ်။ အခုလည်း သူတို့လည်း တော်တော်ကြိုးစားတာကို တွေ့ရပါတယ်။ ပြဿနာကတော့ ပြည်သူ့စစ်တွေများပါတယ်။ ထိခိုက်တာလည်း ပြည်သူ့စစ်များပါတယ်။ဆိုတော့ကျနော်တို့ အချင်းချင်း ပစ်ရခတ်ရတဲ့ အနေအထားပုံစံမျိုးဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။
ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းကမထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပြပါတယ်။
“ဒါကြောင့် ပြည်သူ့စစ်တွေကတော့ ထွက်ပြေးသွားတာ အများကြီးရှိပါတယ်။ နောက်ထိခိုက်သွားတာ ကျသွားတာ ဒဏ်ရာရတာတွေ ဆေးရုံပြည့်နေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရာကို မလွတ်အောင် ကြိုးစားဖို့အတွက် ပူတာအိုတကြောလုံးမှာလည်း စစ်သား ပြန်ပြီးမှ ပြည်သူ့စစ်စုဆောင်းတာတွေ နောက် သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့ အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ခေါင်လန်ဖူးဒေသမှာအင်အားထောင်ချီ စစ်သားစုဆောင်းဖို့လုပ်ဆောင်နေကြောင်း ဒေသခံ လူမျိုးစုအဖွဲ့အချို့က ထုတ်ပြန်ထားတာရှိပါတယ်။ဒါကြောင့် ပူတာအို ဒေသခံ လူထုတွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့လည်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
KIA ပူးပေါင်းတပ်နဲ့ စစ်တပ် လက်အောက်ခံ တပ်တွေ၊ ပြည်သူ့စစ်တွေဟာ ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အင်းတော်ကြီးဒေသ နမ့်မွန်း ပတ်ဝန်းကျင်ရှိ စစ်တပ်လက်အောက်ခံတပ်တွေရဲ့ကာကင်းစခန်းအချို့သိမ်းရထားတာရှိတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“နောက်တခုရှိတာက SNA ဆိုတဲ့ တပ်ဖွဲ့တွေကကျနော်တို့အင်းတော်ကြီးနမ့်မွန်း ခရစ်ယာန်ဘုရားကျောင်းမှာပဲသူတို့က နေပြီးတော့ စစ်သင်တန်းတွေဖွင့်တာ။ အဲဒီဘုရားကျောင်းကို မခန့်မလေးစား လုပ်ပြီးမှ သူတို့ ပျော်ပွဲရွှင်ပွဲတွေလုပ်တာ။ဒါကတော့ကျနော်တို့ လုံး
၀ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရှမ်းနဲ့ ကချင် ကြားမှာလည်း ပြဿနာတွေ ပိုပြီးတော့မှ အငြင်းပွားမှုတွေ တိုးပွားစေနိုင်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ဒါကတော့ စကစရဲ့ သွေးထိုးမှုကြောင့် သူတို့ရဲ့ လမ်းညွှန်မှုအောက်မှာ အခုလိုလုပ်တာကတော့ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကို ရန်ဖြစ်စေတဲ့ အချင်းချင်း ပြဿနာဖြစ်စေတဲ့ သူတို့ရဲ့ ဖန်တီးမှု တခုဖြစ်တယ်လို့ မြင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေဟာ အင်းတော်ကြီးဒေသ ဟဲလုံလမ်းဆုံရှိ KIA တပ်စခန်းကို စက်တင်ဘာလကုန်ပိုင်းမှာထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ရဲ့ စစ်ကြောင်းထိုးလာတဲ့အကြောင်း ကြိုတင်သတင်းကြားသိထားတဲ့ KIA ဘက်က စနစ်တကျ စောင့်ကြို တိုက်ခိုက်ခဲ့လို စစ်ကောင်စီ ပူးပေါင်းတပ် အထိနာ ပြန်ဆုတ်ခွာသွားတယ်လို့လည်း အသိပေးထားပါတယ်။


















































