အောက်တိုဘာ-၅၊၂၀၂၆။သတိုး/People’s Spring
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance – MAA) က တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင်က အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံကို လာရောက်မှာဖြစ်ပြီး မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့ အဲဒီ့နေ့ကို အလုပ်မသွားပဲ “အလုပ်ရပ်နား သပိတ်မှောက် (Work Stoppage Strike)” ပြုလုပ်ပေးကြဖို့ တောင်းဆိုထားတာပါ။
“ကျွန်ုပ်တို့၏ မိသားစု၊ ဆွေမျိုးသားချင်းများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ သတ်ဖြတ်နေသူအား မလေးရှားမြေပေါ်တွင် မည်သို့မျှ လက်သင့်ခံမည်မဟုတ်ကြောင်း ပြသရန် အချိန်ရောက်ပြီ ဖြစ်ပါသည်” လို့ MAA ကတိုက်တွန်းထားပါတယ်။

Public Service Announcement
သပိတ်မှောက်မှုကို ပြုလုပ်တာက အလုပ်ရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တာမဟုတ်သလို အလုပ်ရှင်နဲ့ အလုပ်သမားကြားပြဿနာဖန်တီးဖို့ မဟုတ်ကြောင်း နဲ့ မြန်မာလုပ်သားတွေအပေါ် ကိုယ်ချင်းစာ နားလည်ပေးဖို့ အလုပ်ရှင်တွေကို MAA က မေတ္တာရပ်ခံထားတာပါ။
ဒါ့အပြင် မင်းအောင်လှိုင်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားသူမဟုတ်ပဲ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ဖြစ်ကြောင်း နဲ့ ဒီလိုလူမျိုးနဲ့ တွေ့ဆုံတာက မလေးရှားနိုင်ငံအတွက် အရှက်ရစရာကိစ္စပဲဖြစ်လာနိုင်တယ်လို့ MAA က သတိပေးထားပါတယ်။
အဲဒီလှုပ်ရှားမှုနဲ့အတူ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ ၊ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးအဆောက်အဦးတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့စီးပွားရေး အဆောက်အဦးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
လှုပ်ရှားမှုကို မြေပြင်မှာ ပါဝင်ပေးဖို့ အဆင်မပြေနေတဲ့သူတွေ အနေနဲ့ “The Bloodstained Ghost (သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်)” Profile ပုံကို Facebook အကောင့်တွေမှာတင်ပြီး မင်းအောင်လှိုင်အား ဆန့်ကျင်ကြောင်းပြသပေးဖို့ MAA က တိုက်တွန်းထားပါတယ်။



















































