အောက်တိုဘာ-၉၊၂၀၂၆။ဆဏ်း/People’s Spring
အမေရိကန်နိုင်ငံ မေရီလန်းမြို့မှာ ပြုလုပ်မယ့် တော်လှန်အနုပညာရှင်လင်းလင်းရဲ့ ဖျော်ဖြေပွဲမှာ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးသူရဲကောင်းနှစ်ဦးရဲ့ အမှတ်တရ ပစ္စည်းနှစ်ခုကိုလေလံပစ်သွားမယ်လို့ အသိပေးထားပါတယ်။
လေလံပစ်မယ့်ပစ္စည်းတွေ ကတော့ ကျောက်စိမ်းဆွဲကြိုး ၊ ဘောကန်ဖိနပ်နဲ့ ခြုံထည်လေးပါ။
ကျောက်စိမ်းဆွဲကြိုးက ၂၀၂၅ ဇူလိုင် ၃၀ မှာရဲဘော်တွေကို ကာကွယ်ပေးရင်း ကျဆုံးခဲ့တဲ့ ဦးကံ(ခ) ဗိုလ်စစ်မုန်းရဲ့ ပစ္စည်းပါ။

Public Service Announcement
ဦးကံက ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် ရဲဘော်အားလုံးကို တန်ဖိုးထားဆက်ဆံသလို နိုင်ငံရေး နဲ့တော်လှန်ရေးကို ကြီးကြီးကျယ်ကျယ်တွေပြောတာထက် လက်တွေ့လုပ်ဆောင်သူ ဖြစ်ပြီး ကိုယ်ကျိုးထက်အများအကျိုးကိုကြည့်ကာ ရဲဘော်တွေရဲ့ အားကိုးရသူဖြစ်တယ်လို့ မုံရွာ ဂေဇင်က မိုးလူငြိမ်းက ညွန်းဆိုထားပါတယ်။
ဘောကန်ဖိနပ်နဲ့ ခြုံထည်ကတော့Southern Eagle တပ်ရင်းရဲ့ ဆေးမှူး Ko Lightning (ခ) ကိုသူရိန်ဖြိုးရဲ့ ပစ္စည်းပါ။
Ko Light က ဘောလုံးအားကစားဝါသနာပါသူဖြစ်သလို သူ့အတွက်ထက် တပ်ရင်းရဲဘော်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးချင်သူလို့ သိရပါတယ်။
မိဘတွေကို ၂၀၀၈မေလက နာဂစ်မှာ ဆုံးရှုံးခဲ့ရသလို Ko Light ကလည်း မေလ ၈ ရက်မှာ ကျဆုံးခဲ့တာပါ။
ဒီလေလံပစ္စည်းတွေကို မနက်ဖြန် အောက်တိုဘာ ၁၀ ရက် မေရီလန်းမှာ ပြုလုပ်မယ့် Theatre 21 ဖျော်ဖြေပွဲမှာ လေလံပစ်သွားမှာဖြစ်ပြီး ရရှိလာတဲ့ငွေတွေကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ပို့ဆောင်ပေးသွားမယ်လို့ လင်းလင်းကအသိပေးထားပါတယ်။
“တိတ်တိတ်ဆိတ်ဆိတ် မြင့်မြတ်နေသူတွေအတွက် ကျနော်တို့ လုပ်နေတဲ့ တာဝန်တွေ နှစ်စရုန်းကြရပါမယ်။” လို့ လင်းလင်းက ရေးသားထားပါတယ်။
Theatre 21 ဖျော်ဖြေပွဲကရတဲ့ ငွေတွေကိုလည်း ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေ ၊ CDM မိသားစုတွေနဲ့ နွေဦးမိသားစုတွေရဲ့ ပညာရေးအထောက်အကူအတွက် အသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပဝါ နဲ့ ကာဒီကန် အပေါ်ဝတ်ရုံတွေကိုလည်း ရောင်းချပေးနေပြီး အဲဒီ့ကရတဲ့အကျိုးအမြတ်တွေကိုလည်း အထက်ပါနေရာတွေကို စီးဆင်းသွားမယ်လို့ အသိပေးထားပါတယ်။
လင်းလင်းက ပြီးခဲ့တဲ့နှစ်မှာ ရောင်နီ နာမည်နဲ့ ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံရဲ့ မြို့၁၁ မြို့မှာ ပြုလုပ်ခဲ့ပြီး ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၇သိန်း၆သောင်းကျော်ကို မြေပြင်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေအတွက် ထောက်ပို့ဖို့ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေပေးနေပါတယ်။



















































