နိုဝင်ဘာ-၁၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ရက်ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က အရာရှိအပါအဝင် ၃ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့KPF ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဦးဖလားဒါဝိနဲ့တပ်ဖွဲ့ဝင် ၂ဦးကို ဖမ်းမိခဲ့တာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)နဲ့ နီးစပ်သူကပြောပါတယ်။
” ဦးဖလားဒါဝိဖမ်းမိသွားပြီလို့ စစ်တပ်ကို လှမ်းအကြောင်းကြားတော့ ပါချင်ပါပစေဆိုပြီး ပြန်ပြောတယ်တဲ့။ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကလူတွေ စစ်တပ်ကို ပြန်ဆဲနေတယ်။ ဦးဖလားဒါဝိက ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ရဲ့ အရာရှိပိုင်းထဲမှာပါတယ်”လို့ KPFနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာကတိုက်ပွဲအတွင်းမှာလည်း စစ်တပ်ဗျူဟာမှူး ၁ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာလည်း တရုတ်နယ်စပ်အနီး နယ်ခြားမှတ်တိုင်(၃၀)အနီးက စစ်တပ်စခန်းအချို့ကို KIAနဲ့KPF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး စက်တင်ဘာမှာ နယ်ခြားမှတ်တိုင် (၃၀)က တစ်ခုတည်းသော ရဟတ်ယာဉ်ကွင်းရှိတဲ့ တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ရေးတင်းမာပြီး အထိနာနေစဉ်မှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ တပ်ဖွဲ့ဝင်တချို့က KIAနဲ့ KPF ထောက်ခံသူတွေကို ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ၊ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် ခြိမ်းခြောက်တွေလုပ်ဆောင်နေတယ်လို့ ဒေသခံလူငယ်အချ်ို့က ပြောပါတယ်။ပူတာအိုဒေသမှာ စစ်တပ်နဲ့ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင်ကြိုးစားနေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)က သတင်းထုတ်ပြန်ထားပါတယ်။
ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို စစ်တပ်နဲ့ဆက်ဆံရေးရှိတဲ့ ဦးတန်ဂူးတန်ဆိုသူက ဦးဆောင်ခဲ့ပေမယ့် ၎င်းက ပြီးခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးကောက်ခံပြီး လွှတ်တော်ရောက်ရှိသွားပါတယ်။ လက်ရှိမှာတော့ မနားရိန်လွန်းဆိုသူကဦးဆောင်နေတဲ့လို့ သိရပါတယ်။




















































