နိုဝင်ဘာ-၁၈၊၂၀၂၆။ရောင်နီ၊ဇော်ဝင်း/People’s Spring
ပြီးခဲ့တဲ့ရက်ကစံချိန်တင်မြင့်တက်ခဲ့တဲ့ ကြက်သွန်နီဈေးက ကုန်စည်ဒိုင်တွေမှာ အနည်းငယ်ကျသွားပေမယ့် လက်လီရောင်းချသူတွေဆီမှာတော့ တစ်ပိဿာကျပ်နှစ်သောင်းခွဲပေးဝယ်နေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။
“ဒီနေ့မနက်အထိ ၂၅,၀၀၀ ဈေးပဲ။ပွဲရုံတွေက ဈေးကျတယ်ပြောပေမယ့်ဈေးတွေထဲမှာတော့အခုထိမကျသေးဘူး”လို့ရန်ကုန်မြို့က အိမ်ရှင်မ တစ်ဦးကပြောပါတယ်။
ကြက်သွန်နီ ဈေးမှာအောက်တိုဘာလကစပြီး တဖြည်းဖြည်းတက်ခဲ့တာဖြစ်ကာ နိုဝင်ဘာ လဆန်းပိုင်းမှာတော့တစ်ပိဿာနှစ်သောင်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။အဲဒီနောက် ကြက်သွန်နီအသင်းကလည်း အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်။

Public Service Announcement
“နယ်မှာ ကုန်လက်ကျန်နည်းတာ ရယ်၊ယခင်နှစ် စိုက်ဧကလျော့တာရယ်၊ ပြည်ပထိုင်းအဝယ်များတာရယ် ၃ ချက်ပါစျေးတက်တာကျတာကကုန်စည်ဒိုင်ကဖွင့်ပေးတာပါခဗျာ”လို့ ဒညင်းကုန်းကုန်စည်ဒိုင်ကလုပ်ငန်းရှင်တဦးကပြောပါတယ်။
လက်ရှိအချိန်မှာကြက်သွန်နီကတောင်သူတွေလက်ထဲမှာမရှိတော့ပဲကုန်စည်ဒိုင်ကြီးတွေမှာ ဆီမှာသာရှိတာကြောင့် ဈေးကို လိုသလိုကစားနေတာဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်ထားကြပါတယ်။
ပြည်တွင်းကြက်သွန်နီဈေးကထိုင်း ၊ဂျပန် ၊ စင်ကာပူ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တစ်ဝက်နီးပါးဈေးကြီးနေတာလို့ ပြည်သူတချို့ကနှိုင်းယှဉ်ရေးသားထားပါတယ်။
ကြက်သွန်နီရောင်းချနေတဲ့ ပွဲရုံလုပ်ငန်းတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ နိုဝင်ဘာ ၁၇ ရောင်းတဲ့ဈေးနှုန်းတွေကအရင်ထက် ၅၀၀ ကျပ်ခန့် လျော့ကျသွားတာတွေ့ရပါတယ်။
ကြက်သွန်နီ အရွယ်အသေးဆုံးအမျိုးအစားသာ ဈေးအနည်းငယ်ကျပြီး အလယ်အလတ်ဆိုဒ်နဲ့ အကြီးဆိုဒ်တွေကတော့ဈေးမကျသေးဘူးလို့ ကြက်သွန်နီရောင်းချသူတစ်ဦးကပြောပါတယ်။
ကြက်သွန်နီက မီးဖိုချောင်မှာ မရှိမဖြစ်စားသောက်ကုန်အနေနဲ့ အသုံးပြုလေ့ရှိကြပေမယ့် ဒီရက်မှာတော့ ကြက်သွန်နီကို လျော့သုံးကြဖို့ ပြည်သူတွေ အချင်းချင်း အကြံပေးနေကြတာတွေ့ရပါတယ်။
အချို့စားသောက်ကုန်လုပ်ငန်းတွေမှာလည်း ကြက်သွန်နီ နေရာမှာ အခြားအရာတွေ အစားထိုးအသုံးပြုနေတယ်လို့ ဆိုကြပါတယ်။
မိုးကြက်သွန်နီတွေ ပေါ်တဲ့ကာလ ရောက်ပြီဖြစ်တာကြောင့် ဈေးကွက်အတွင်း ကြက်သွန်နီအသစ်စတင်ဝင်ရောက်နေပြီး ဒီဇင်ဘာလထဲမှာတော့ ဈေးကျနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။


























































