အမေရိကန် စစ်လေယာဉ် တစ်စီးကို ပုဆိန်နဲ့ ခုတ်ထစ် ဖျက်ဆီးခဲ့တဲ့ အိုင်ယာလန် နိုင်ငံသား တစ်ဦးကို အမေရိကန်က တရားစွဲဆိုထားလိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် ဒိုင်သီ အိုကော်ရိန်ဟာ အိုင်ယာလန်မှာ ရပ်နားထားတဲ့ C-130 Hercules အမျိုးအစား အမေရိကန် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးရဲ့ အမြီးပိုင်းကို ပုဆိန်တစ်လက် အပါအဝင် ပစ္စည်းတချို့၊ ဓာတုဆေးရည်တွေ အသုံးပြုပြီး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
တစ်စီးကို ဒေါ်လာ သန်း ၆၀ လောက် တန်ဖိုးရှိပြီး အမေရိကန် အမျိုးသား အစောင့်တပ် (အရန်တပ်)က ပိုင်ဆိုင်တဲ့ လေယာဉ်ရဲ့ အမြီးပိုင်းဟာ လုံးဝဥဿုံ ဖြတ်တောက် ခံခဲ့ရပါတယ်။ အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မှတ်တမ်း ဓာတ်ပုံတွေမှာတော့ အိုကော်ရိန်ဟာ လေယာဉ် အမြီးပိုင်းပေါ် တက်ထိုင်နေပြီး အမြီးအစိတ်အပိုင်း ဖျက်ဆီးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဧပြီလတုန်းက အိုင်ယာလန်နိုင်ငံ၊ လိုင်းမ်ရစ်ခ် မြို့နားက ရှန်နွန်လေဆိပ်မှာ C-130 လေယာဉ် ရပ်နားထားချိန်မှာ သံသယ တရားခံက လေယာဉ်ရုံတွေနား သွားရောက်ပြီး ဒီလို ဖျက်လိုဖျက်ဆီး လုပ်ရပ်ကို ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
အခုအခါမှာတော့ အမေရိကန် အစိုးရ ရှေ့နေတွေက အိုကော်ရိန်ကို အစိုးရပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားစွဲဆိုထားလိုက်ပြီး အဲဒီအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၁၀ နှစ် ဖြစ်ပါတယ်။ လောလောဆယ်တော့ အိုကော်ရိန်ဟာ အမေရိကန်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရှိမနေပါဘူး။ သူဟာ ရှေ့နေငှားရမ်းထားသလား၊ ကိုယ်တိုင် ခုခံလျှောက်လဲမလား ဆိုတာကိုလည်း မသိရသေးပါဘူး။
လေယာဉ်ကို ဖျက်ဆီးမှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို အမေရိကန်ဖက်က တိတိကျကျ မထုတ်ပြန်ပေမယ့် အိုကော်ရိန်နဲ့ နီးစပ်သူတွေကတော့ အရှေ့အလယ်ပိုင်း ဒေသက အမေရိကန်ရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ဆန္ဒပြဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
အိုကော်ရိန်က လေယာဉ်အမြီးပေါ် ရောက်နေတာကို တွေ့ရှိခဲ့တဲ့နောက် အိုင်ယာလန် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး အရာရှိတွေဟာ လေဆိပ်ထဲက ရွေ့လျား လှေကားတစ်ခုကို ယူဆောင်ပြီး သူ့ကို တက်ရောက် ဖမ်းဆီးခဲ့ရပါတယ်။ လေဆိပ်ရဲ့ ပုံမှန် ပြေးဆွဲမှုတွေကိုလည်း နာရီဝက်လောက် ပိတ်သိမ်းခဲ့ရပါတယ်။
အမေရိကန်ဆီက တရားစွဲဆိုမှု မတိုင်ခင် ကတည်းက အိုကော်ရိန်ဟာ အိုင်ယာလန်မှာ ခွင့်ပြုချက် မရဘဲ လေယာဉ်ကွင်းထဲ ကျူးကျော် ဝင်ရောက်မှု၊ လေယာဉ်ကွင်း စည်းရိုးကို ဖျက်ဆီးမှု၊ လေယာဉ်ကို ဖျက်ဆီးမှုတွေအတွက် တရားရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။
နယူးယောက်ခရိုင် တရားရုံးမှာ အိုကော်ရိန်ကို စွဲချက်တင်တဲ့အခါ အမေရိကန် အစိုးရ ရှေ့နေတွေက သံသယ တရားခံဟာ သူကျူးလွန်မယ့် လုပ်ရပ်အတွက် သေချာ ကြိုတင် အချိန်ယူ လေ့လာပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့ရဲ့ အဆိုအရ ဖျက်ဆီးခံရတဲ့ C-130ဟာ အရေးပါတဲ့ စနစ်တွေပါ ထိခိုက်ကုန်တာကြောင့် ပြန်ပြင်ဆင်လို့ မရအောင် ပျက်စီးခဲ့ပြီး ထပ်မံပျံသန်းလို့ ရတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ အိုကော်ရိန် အသုံးပြုခဲ့တဲ့ ဓာတုဗေဒ ဆေးရည်တွေက အလျူမီနီယမ်နဲ့ သံမဏိ ကိုယ်ထည်တွေကို ယိုယွင်းပျက်စီးစေတဲ့ အာနိသင်မျိုး ရှိနေပြီး သူက ဆီတိုင်ကီနဲ့ ball bearingတွေ ကြားထဲကို အဲဒီအရည်တွေ လောင်းထည့်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ လေယာဉ်ရဲ့ အရေးကြီးတဲ့ ဝိုင်ယာထုပ်တွေ၊ ဟိုက်ဒရောလစ်လိုင်းတွေလည်း ပေါက်ပြဲကုန်တာ၊ ပြတ်တောက်ကုန်တာတွေ ကြုံခဲ့ပြီး ကိုယ်ထည် အပြင်ပိုင်းမှာလည်း ပုဆိန်ရာ နက်နက်ရှိုင်းရှိုင်းတွေ စွဲထင်ကျန်နေခဲ့ကြောင်း တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ကိုးကား: BBC

























































