နို၀င်ဘာ-၁၇၊၂၀၂၆။ဖိုးသား/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း(၄)ရဲ့ လုံခြုံရေးဂိတ်အနီး လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
နို၀င်ဘာ ၁၆ ရက်မှာ လုံခြုံရေးဂိတ်တစ်နေရာကို အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ ၃စီးနဲ့တိုက်ခိုက်မှုအပြင် အသေခံဒရုန်းတွေနဲ့ပါတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သားအဖ ၂ဦး ဆုံးသွားတာ။ ထွန်ရွာက”လို့ ပခုက္ကူခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
မနေ့က မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ရှားလှ၊ထွန်ရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့သူက ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုတွေဟာ ပြည်သူတွေအတွက် အန္တရာယ်များတဲ့အခြေအနေဖြစ်တာကြောင့် လေ ကြောင်းအန္တရာယ်နဲ့ ဒရုန်း အန္တရာယ်သတိပေးချက်တွေကို အမြဲစောင့်ကြည့်နေကြဖို့လည်း ပခုက္ကူခရိုင်တပ်ရင်း(၄)က တိုက်တွန်းထားပါတယ်။
ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်းဟာ မကွေးတိုင်း၊ပခုက္ကူခရိုင်နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံတပ်ရင်း ဖြစ်ပါတယ်။
အခုနှစ်ဆန်းပိုင်းကတည်းက ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ အမှတ်(၂၂)ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၂ )ကို မကွေးတိုင်းမြောက်ပိုင်း စစ်ဌာနချုပ်အဖြစ် စစ်တပ်က အသုံးပြုနေပြီး ဆောနဲ့ ပေါက်မြို့နယ်တွေကို လူနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပို့နေတယ်လို့ မကွေးတိုင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ဒါကြောင့် ဆိပ်ဖြူနယ်ထဲက ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေမှာ စစ်တပ် ကင်းတွေချတာနဲ့ စစ်ကြောင်းထိုးတာတွေ မကြာခဏ ရှိနေပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂ )မှာ လက်နက်တွေ ထုတ်နေတာ ဖြစ်ပါတယ်။


























































