ခေါင်းမြီးခြုံ ပုဝါ (Hijab) မပါဘဲ သီချင်းသီဆို ဖျော်ဖြေပြခဲ့မိလို့ အီရန်ရဲ့ ထင်ရှားတဲ့ အမျိုးသမီး အဆိုတော် တစ်ဦးဟာ သူ့ရဲ့ ဂီတအဖွဲ့သားတွေနဲ့အတူ ကြိမ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ် ပါရက်စ်တူ အမာဒီ၊ ဂီတသမား ၃ ဦးနဲ့ ထုတ်လုပ်သူ တစ်ဦးတို့ဟာ ခွမ်မြို့မှာ တစ်ယောက်ကို ကြိမ်ဒဏ် ၇၄ ချက်စီ အရိုက်ခံခဲ့ရကြောင်း သူတို့ရဲ့ ရှေ့နေအဖွဲ့က အတည်ပြုခဲ့ပါတယ်။
အီရန်မှာ အမျိုးသမီးတွေက လူအများရှေ့ ဖျော်ဖြေခွင့် မရှိသလို ရိုးရာ ခေါင်းမြီးခြုံ ပုဝါနဲ့ လုံခြုံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။
အမာဒီဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုမှာ ခေါင်းမြီးခြုံ ပုဝါ မဝတ်ဘဲ လက်ပြတ် ကြိုးတစ်ချောင်း အင်္ကျီနဲ့ ဖျော်ဖြေခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ အရေးယူမှုကို ကြုံခဲ့ရတာပါ။

Public Service Announcement
ဇွန်လမှာတော့ ခွမ်မြို့မှာရှိတဲ့ ရာဇဝတ်ခုံရုံးက အမာဒီနဲ့ နောက်ထပ် ၈ ဦးဟာ လူထုအမြင် မသင့်တဲ့ လုပ်ရပ်မျိုး ပူးပေါင်း ကျူးလွန်ခဲ့တာ ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ခုခံလျှောက်လဲသူတွေကတော့ အဲဒီစွပ်စွဲချက်ကို အပြင်းအထန် ငြင်းဆိုထားပါတယ်။
စက်တင်ဘာ လကုန်ပိုင်းမှာတော့ ခွမ်မြို့က အယူခံ ရုံးဟာလည်း အယူခံ လျှောက်လဲချက်ကို ပယ်ချခဲ့ပြီး ပြစ်ဒဏ်ကို အတည်ပြုခဲ့ကြောင်း ရှေ့နေတွေက ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ အမာဒီနဲ့ တခြား ၄ ဦးက ကြိမ်ဒဏ် ၇၄ ချက်စီ အရိုက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၄ ဦးရဲ့ ပြစ်ဒဏ် အခြေအနေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စွဲချက်တင် ခံရသူတွေဟာ ကြိမ်ဒဏ် ချမှတ်ခံရတဲ့အပြင် သီချင်းသီဆို ဖျော်ဖြေခွင့်၊ ပြည်ပထွက်ခွာခွင့်တွေလည်း ၂ နှစ် အပိတ်ခံခဲ့ရပါတယ်။
အီရန် အနုပညာ အသိုက်အဝန်းမှာတော့ အခုကြိမ်ဒဏ်အပေါ် အပြင်းအထန် ဝေဖန်မှုတွေ ရှိနေပြီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း ရှုတ်ချနေပါတယ်။ ဒီလုပ်ရပ်ဟာ ဖွဲ့စည်းပုံ ဥပဒေကို ဆုပ်ကိုင်ထားတဲ့ ရက်စက် ကြမ်းကြုတ်မှု၊ လွန်လွန်ကျွံကျွံ ဒဏ်ခတ်မှု၊ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်မှုအဖြစ် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ရှေ့နေတွေရဲ့ အဆိုအရ အမာဒီဟာ လုပ်ဖော်ကိုင်ဖက် အမျိုးသား ၄ ဦးနဲ့အတူ နိုဝင်ဘာ ၂၂၃ ရက်နေ့တုန်းက ခွမ်မြို့မှာရှိတဲ့ ရာဇဝတ်မှုပြစ်ဒဏ် စီရင်ရေးရုံးမှာ ကြိမ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ စီရင်ချက်ကို ပြောင်းလဲပစ်ဖို့၊ ဒါမှမဟုတ် ပြစ်ဒဏ်ကို လျှော့ချနိုင်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းထားပေးဖို့ အစွမ်းရှိသလောက် လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဆိုပါတယ်။
ရှီးဟိုက် မွတ်ဆလင် ဘာသာရေး စည်းမျဉ်းတွေကို အခြေပြု ရေးဆွဲထားတဲ့ အီရန်ရဲ့ ဥပဒေတွေမှာတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အပျိုဖော် ဝင်ချိန်ကစပြီး သူတို့ရဲ့ ဆံပင်ကို ခေါင်းမြီးခြုံ ပဝါနဲ့ ကာကွယ်ထားပြီး ကိုယ်ကျပ်မဟုတ်တဲ့ လုံလုံခြုံခြုံ အဝတ်အစားတွေကို ဝတ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်တုန်းက အသက် ၂၂ နှစ်အရွယ် ကာ့ဒ်မိန်းကလေး မာဟ်ဆာ အေမီနီဟာ ခေါင်းမြီးခြုံ ပုဝါကို သေသေသပ်သပ် မဝတ်လို့ဆိုပြီး ဘာသာရေး ရဲတွေက ချုပ်နှောင်ဖမ်းဆီးခဲ့ချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ အေမီနီ သေဆုံးမှုကို အကြောင်းပြုပြီး အီရန်နိုင်ငံ အနှံ့မှာ လူထုရဲ့ အကြီးအကျယ် အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
ကိုးကား: BBC

























































