နှစ်နိုင်ငံကြားက ဆက်ဆံရေး တင်းမာမှုတွေကို ဖြေလျှော့ဖို့အတွက် နီပေါ ဝန်ကြီးချုပ် ဘာလန်ရှားဟာ အိန္ဒိယကို သွားရောက်ပြီး ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အသက် ၃၆ နှစ်သာ ရှိသေးတဲ့ ရှားအတွက်တော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ဆီ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရှုပ်ထွေးမှု၊ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ကုစားဖို့ အားထုတ်မှုအတွက် လက်တွေ့ကျတဲ့ ဆန်းစစ်မှု တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ရှားဟာ အသက် ၇၆ နှစ်အရွယ် မိုဒီနဲ့ အတူယှဉ်တွဲရပ်ရင်း လက်ဆွဲနှုတ်ဆက်နေတာကို တွေ့ခဲ့ရပါတယ်။ ရှားက အနက်ရောင် အနောက်တိုင်း ဝတ်စုံကို နီပေါရိုးရာ ဦးထုပ်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး မိုဒီကတော့ အဖြူရောင်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ရှားဟာ နီပေါနိုင်ငံမှာ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ လူထုထောက်ခံမှုကို ရရှိပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ သူဟာ အိန္ဒိယနဲ့ ဆက်ဆံရေးကို ပြန်လည်တည့်မတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ဒေလီ ခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အိန္ဒိယနဲ့ တရုတ်ကြားမှာ တည်ရှိပြီး ဟိန္ဒူဘာသာဝင် အများစု နေထိုင်ရာ ဟိမဝန္တာ တောင်ခြေနိုင်ငံလေးအပေါ် အိမ်နီးချင်း အင်အားကြီးနိုင်ငံ နှစ်ခုစလုံးက အကျိုးစီးပွားဆိုင်ရာ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း နယ်စပ် အငြင်းအခုံနဲ့ နိုင်ငံရေး စွက်ဖက်မှု စွပ်စွဲချက်တွေကြောင့် နီပေါနဲ့ အိန္ဒိယကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးနေပါတယ်။
မိုဒီနဲ့ တွေ့ဆုံချိန်မှာတော့ ရှားက အင်အားကြီး အိန္ဒိယ အနေနဲ့ နီပေါကို တန်းတူရည်တူ အလေးထား ဆက်ဆံမှုမျိုးကို တောင်းဆိုခဲ့ကြောင်း သံတမန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ကိုယ်အမူအယာတွေက နွေးထွေးမှုကို ပြသနေပြီး အပြန်အလှန် လက်ဆောင်တွေ လဲလှယ်ခဲ့ကြသလို ဂုဏ်ပြုတပ်ဖွဲ့ကိုလည်း အတူစစ်ဆေးခဲ့ကြပါတယ်။
ရှားရဲ့ ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ပြင်ဆင်ကုစားရုံ ဆိုတာထက်ပိုတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း သဘောတူနိုင်ခဲ့ပါတယ်။ ကုန်သွယ်ရေး၊ ရေအားလျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနဲ့ နီပေါလူငယ်တွေအတွက် ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ပူးတွဲ ဆောင်ရွက်မယ့် အစီအစဉ်တွေကို နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးတော့ အရေးပါတဲ့ ကမ်းလှမ်းမှု တစ်ခုအဖြစ် အိန္ဒိယဟာ နီပေါရဲ့ ဆိုးရွားတဲ့ ရေကြီးမှုတွေ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၁.၆ ဘီလီယံ အကူအညီ ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ တိဘက်နဲ့ နယ်စပ်နားက ဖြစ်စဉ်တစ်ခု အပါအဝင် အခုနှစ်ထဲမှာ နီပေါနိုင်ငံထဲက ရေကြီးမှုတွေကြောင့် လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရှားရဲ့ အစိုးရဟာ ရေဘေးဒုက္ခသည်တွေ၊ ကျန်ရစ်သူ မိသားစုတွေအတွက် လုံလောက်တဲ့ ကူညီထောက်ပံ့မှုမျိုး မပေးခဲ့ကြောင်း ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
သဘာဝ ဘေးဆိုးတွေ ကြုံတွေ့ခဲ့တဲ့ နိုင်ငံငယ်လေးဟာ အကြီးစား ပြန်လည်မွမ်းမံ ပြင်ဆင်မှုတွေ အတွက်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရက နိုင်ငံရဲ့ ပြန်လည် ထူထောင်ရေးနဲ့ တည်ဆောက်ရေး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၄.၈ ဘီလီယံလောက်ထိ များပြားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ကိုးကား: BBC

























































