Connect with us

Hi, what are you looking for?

အတွေးအမြင်

တောင်နေကြာတွေရဲ့အဝေးမှာ

ထိုင်းနိုင်ငံမှာ အခုလို ဆောင်းတွင်းကာလမှာ ခရီးသွားတွေ သွားလာလည်ပတ်ကြတဲ့ နာမည်ကြီးနေရာတွေထဲ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်က ဒွိုင်မဲ့အူခေါတောင်လည်း အပါအဝင်ပါ။

တောင်နေကြာခင်းတွေနဲ့အတူ စစ်ရှောင် မိုးကုတ်ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-ဒေသခံ

မင်းမြတ်/People’s Spring

ထိုင်းနိုင်ငံမှာ အခုလို ဆောင်းတွင်းကာလမှာ ခရီးသွားတွေ သွားလာလည်ပတ်ကြတဲ့ နာမည်ကြီးနေရာတွေထဲ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်က ဒွိုင်မဲ့အူခေါတောင်လည်း အပါအဝင်ပါ။

တစ်တောင်လုံး တောင်နေကြာပန်းတွေ ဝါထိန်နေအောင်ပွင့်ကြတဲ့အတွက် ခရီးသွားတွေ အင်မတန်သဘောကျကြတယ်။ အားလပ်ရက်မှာ မိသားစုမိတ်ဆွေတွေနဲ့ နေကြာတောင်ကြီးဆီသွားပြီး အပန်းဖြေကြတယ်။ အခုလို နိုဝင်ဘာလဆိုရင် ဒွိုင်မဲ့အူခေါတောင်ရဲ့ရှေ့ကလမ်းမှာ ယာဥ်တွေတန်းစီနေလေ့ရှိတယ်။ တောင်နေကြာခင်းထဲ ဓါတ်ပုံအလှဆင်းရိုက်ကြတဲ့သူတွေလည်း အများကြီးပဲ။

တောင်နေကြာကို နေကြာရိုင်း၊ မက်ဆီကန်နေကြာ လို့လည်း ခေါ်ကြတယ်။ မြန်မာနိုင်ငံက ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်နဲ့ မိုးကုတ်ဘက်မှာလည်း တောင်နေကြာတွေရှိပါတယ်။ မိုးကုတ်မြို့မှာဆို အခုလို ဆောင်းတွင်းကာလဆိုရင် မြို့ကလေးကို ပတ်ပတ်လည် ဝန်းရံထားတဲ့ တောင်တွေပေါ်မှာ တောင်နေကြာတွေ ပွင့်ပါပြီ။ ထိန်ထိန်ဝါဝါ တောင်နေကြာတွေဟာအေးစိမ့်နေတဲ့မိုးကုတ်မြို့ကလေးကို နှစ်စဥ် အနွေးဓာတ်ပေးခဲ့တယ်။

Public Service Announcement

Public Service Announcement

အကွေ့အကောက်ပေါလှတဲ့မိုးကုတ်မြို့ကိုဆောင်းအဝင်မှာလာခဲ့ရင် လမ်းကွေ့တိုင်းကွေ့တိုင်းမှာ တောင်နေကြာဝါဝါတွေက ခေါင်းကလေးလှုပ်လို့ နှုတ်ဆက်လိမ့်မယ်။ မနက်လင်းလို့ ပျဥ်ထောင်အိမ်ကလေးပေါ်ကနေ ပြတင်းတံခါး ဖွင့်လိုက်တာနဲ့ ဝင်းဝါတောက်ပနေတဲ့ တောင်နေကြာတွေကို မြင်ရတတ်တယ်။ တောင်နေကြာခင်းတွေဟာမြင်ရသူတိုင်း စိတ်ကို ကြည်နူးသွားစေခဲ့တယ်။

ဟိုးအရင်နှစ်တွေကတော့ တောင်နေကြာတွေပွင့်ပြီဆိုတာနဲ့ မိုးကုတ်သူလေးတွေဟာ ပန်းခင်းကြီးဆီ ရောက်လာတတ်တယ်။ ပန်းခင်းကြီးနဲ့ ဓာတ်ပုံတွဲရိုက်တယ်။ ရပ်ဝေးကမိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပန်းခင်းကြီးဆီ ခေါ်ခေါ်လာတတ်တယ်။

ဒီနှစ်တော့ နေကြာတွေ ဝေနေအောင် ပွင့်နေပြီဖြစ်ပေမဲ့ ပန်းခင်းတွေဆီ ဘယ်သူမှ ရောက်မလာခဲ့ကြဘူး။ ပန်းခင်းအောက်က မြို့ကလေးထဲမှာလည်း တိတ်ဆိတ်နေခဲ့တယ်။ ဝင်းတံခါးတွေလည်း သော့ပိတ်လို့။ပိတ်ထားတဲ့အိမ်ရှေ့မှာလည်း ခွေးကလေးတစ်ကောင် ထိုးဟောင်လို့။

တောင်နေကြာတွေ တတန်းကြီးပွင့်နေတဲ့ လမ်းတနေရာမှာတော့ မိုးကုတ်သူမိုးကုတ်သားတွေရဲ့ ဆိုင်ကယ်တွေ အတန်းလိုက်ကြီး တွေ့ရတယ်။ မိုးကုတ်မြို့လေးကနေ ထွက်ခွာသွားကြရသူတွေပါ။ သူတို့လေ တောင်နေကြာတွေကိုလည်း မော့မကြည့်အားဘူး။ အလှဓါတ်ပုံလည်း ထုတ်မရိုက်နိုင်ကြဘူး။

သူတို့မျက်နှာတွေက စိုးရိမ်မှုတွေ၊ သောကတွေနဲ့။ ရှေ့ဆက်ရမယ့်ခရီးမှာ ဘာတွေများဖြစ်လာဦးမလဲဆိုတဲ့ ပူပန်မှုတွေ ကိုယ်စီနဲ့မို့ တောင်နေကြာတွေကို သတိမရနိုင်ကြတော့ဘူး။

အဝါရောင်ဟာ ပျော်ရွှင်ခြင်းကို ဖွင့်ဆိုပြီး နေကြာပန်းကတော့ စောင့်ဆိုင်းခြင်းကို ကိုယ်စားပြုပါသတဲ့။တောင်နေကြာတွေသာ သီချင်းဆိုတတ်မယ်ဆိုရင် အဆိုတော် ဆုန်သင်းပါရ်ရဲ့ ချယ်ရီမြို့သီချင်းလေးများ ငြီးနေမလားပဲ။

တောင်နေကြာဝါဝါတွေဟာ မိုးကုတ်သူမိုးကုတ်သားတွေကို ပျော်ရွှင်ပါစေလို့ ဆုတောင်းကာ နူတ်ဆက်ရင်း မိုးကုတ်ကနေ စောင့်နေမယ်နော်လို့ အမှာစကား ပါးလိုက်ပါတယ်။

ဆက်စပ်သတင်းများ