■USAIDဖျက်သိမ်းခံရမှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းမောင်ငယ်လေးရေးသားသည်။
ပြီးခဲ့တဲ့၅ရက်ခန့်ကအေအိုင်ဒီအက်စ်နဲ့ပက်သက်ပြီးရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ကုသမဂ္ဂအဖွဲ့အစည်း UNAIDS ကအရေးပေါ်ခေါင်းလောင်းထိုးခဲ့ပါတယ်။
သူတို့ရဲ့ထုတ်ပြန်ချက်မှာနိုင်ငံတကာ ရံပုံငွေပြတ်တောက်မှုကြောင့်သန်းနဲ့ချီတဲ့လူတွေကိုကုသဖို့အခက်အခဲဖြစ်နေပြီဆိုတာကိုမီးမောင်းထိုးပြထားပါတယ်။ ”နိုင်ငံတကာရံပုံငွေပြတ်တောက်မှု”ဆိုတာကတော့အဓိကအားဖြင့်အမေရိကန်က USAID အဖွဲ့ကြီးဖျက်သိမ်းခံရတာကိုဆိုလိုရင်းဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ဟာသူအာဏာရပြီးရက်ပိုင်းအကြာမှာအမေရိကန်ပြည်ထောင်စုနိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (U.S Agency for International Development – USAID)ကိုရပ်နားခဲ့ပါတယ်။ နိုင်ငံတကာနဲ့ပြည်တွင်းကအဖွဲ့အစည်းတွေနဲ့တသီးပုဂ္ဂလိကပညာရှင်တွေတားမြစ်နေတဲ့ကြားကရပ်စဲခဲ့တာပါ။ အခုတော့UNAIDS ကအရေးပေါ်အခြေအနေကိုရောက်နေပြီလို့ဆိုပါတယ်။

Public Service Announcement
ထရမ့်အစိုးရဖျက်သိမ်းလိုက်တဲ့USAIDရဲ့အခန်းကဏ္ဏကိုကြည့်ကြပါမယ်။ အောက်စ်ဖို့ဒ်တက္က
သိုလ်နဲ့Global Change Data Lab တို့ပူးပေါင်းတည်ထောင်တဲ့ Our World in Dataဆိုတဲ့သု
တေသနအဖွဲ့ကြီးရဲ့အဆိုအရ USAIDဟာတစ်နှစ်တစ်နှစ်ကို အသက်တွေသန်းနဲ့ချီပြီး ကယ်တင်နေခဲ့တယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၃ခုနှစ်မှာကမ္ဘာ့တစ်လွှားမှာ အကြီးမားဆုံးအလှူရှင်နိုင်ငံဖြစ်ခဲ့ပါတယ်။ စုစုပေါင်းအလှူငွေဒေါ်လာ ၆၂ဘီလျှံသုံးစွဲခဲ့ပါတယ်။
သူ့နောက်ကဒုတိယ၊တတိယနဲ့စတုတ္ထလိုက်တဲ့နိုင်ငံ၃နိုင်ငံပေါင်းထက်ပိုများခဲ့ပါတယ်။ အဲဒီနိုင်ငံတွေ ကတော့ဂျာမဏီ၊ဂျပန် နဲ့ ယူနိုက်တက်ကင်းဒမ်းတို့ဖြစ်ပါတယ်။ ငွေကြေးပမာဏအရများပြားလှပေမယ့် စုစုပေါင်းအမျိုးသားဝင်ငွေ (Gross National Income – GNI) အနေနဲ့တွက်ရင်တော့သူ့နောက်က ၃နိုင်ငံထက် နည်းပါးပါတယ်။
အမေရိကန်ပြည်ထောင်စုဟာသူ့GNIရဲ့ ၀.၂၄ ရာခိုင်နှုန်းကိုလှူဒါန်းတာဖြစ်ပြီးတော့ဂျာမဏီက ၀.၈၂ ရာခိုင်နှုန်း ၊ဂျပန်က ၀.၄၄ ရာခိုင်နှုန်းနဲ့ယူနိုက်တက်ကင်းဒမ်းက ၀.၅၈ ရာခိုင်နှုန်း တို့အသီးသီးလှူဒါန်းကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုရဲ့အထောက်အပံ့ဟာနိုင်ငံတကာမှာလူ့အသက်တွေကိုကယ်တင်ဖို့အတွက် အရေးအကြီးဆုံးအလှူဖြစ်ပါတယ်။
Our World in Dataအဖွဲ့ကြီးရဲ့အဆိုအရအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံတကာအကူအညီဟာတစ်နှစ်ကို အသက်ပေါင်း၃.၃သန်းကိုကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။ဒီအထဲမှာHIV/AIDSက ၁.၆သန်း၊ လူသားချင်းစာနာထောက်ထားမှုက၅ သိန်း ၅ သောင်း၊ ကာကွယ်ဆေးက၅သိန်း၊တီဘီရောဂါက၃သိန်း ၁သောင်း နဲ့ ငှက်ဖျားက၂သိန်း
၉သောင်းတို့ပါဝင်ပါတယ်။
ယူကေကဩဇာကြီးမားလှတဲ့ဆေးပညာဂျာနယ်ကြီးဖြစ်တဲ့ The Lancet ကတွက်ချက်မှုမှာ
USAID ဟာ ၂၀၀၁ခုနှစ်ကနေ၂၀၂၁အထိနှစ်ပေါင်း၂၁နှစ်အတွင်းမှာအသက်ပေါင်း၉၂သန်းကိုကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီကိန်းဂဏန်းကိုပြန်တွက်ကြည့်ရင်USAIDဟာတစ်နှစ်ကိုပျှမ်းမျှအသက်ပေါင်း၄ သန်းကနေ ၅ သန်းအထိကယ်ဆယ်နေခဲ့တယ်ဆိုတာ ပဲဖြစ်ပါတယ်။
ဒါဆိုရင်USAID ကိုဖျက်သိမ်းမှုဟာဝင်ငွေနည်းပါးလှတဲ့နိုင်ငံတွေအတွက်အသက်တွေဘယ်လောက်ဆုံးရှူံးစေနိုင်တယ်ဆိုတာကိုခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့်လက်ရှိအမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘိုင်ရိုကတော့အခုလိုပြောပါတယ်။
“ဘယ်သူမှမသေသေးပါဘူး”လို့ပြီးခဲ့တဲ့မေလ၂၁ ရက်နေ့ကကွန်ဂရက်စ်ကကြားနာမှုမှာသူကထွက်ဆိုပါတယ်။”ကျွန်တော်စောင့်ကြည့်နေတာတော့ဘယ်ကလေးမှမသေဆုံးသေးပါဘူး”လို့သူကပြောပါတယ်။ သူဘာကိုစောင့်ကြည့်နေတာလဲဆိုတာတော့ဘုရားပဲသိမှာပါ။သိချင်မှလည်းသိမှာပါ။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ကပေးပို့တဲ့အေပီသတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်မှာတော့ ဒုက္ခသည်စခန်း တစ်ခုကဖခင်တစ်ဦးဟာသူ့ရဲ့ နှစ်နှစ်အရွယ်သားလေးရဲ့အလောင်းရှေ့မှာ ငိုကြွေးနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရူဘိုင်ရိုရဲ့စကားဟာ “လိမ်ညာမှု”လို့သူကပြောပါတယ်။
“အလှူတွေရပ်သွားလို့သားကိုကျွန်တော်ဆုံးရှူံးရတာ။ကျွန်တော်တင်မကဘူး။စခန်းထဲမှာတခြား ကလေးတွေလည်းငတ်ပြတ်လို့၊အဟာရချို့တဲ့လို့၊ဆေးမကုနိုင်လို့ကူရာကယ်ရာမဲ့ဘဝနဲ့သေဆုံးခဲ့ကြရပြီးပြီ”လို့သူကဆိုပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့၄၀ ရာခိုင်နှုန်းဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂအဖွဲ့ကြီးကထုတ်ပြန်ထားပါတယ်။USAIDအဖွဲဖျက်သိမ်းခံရမှုကြောင့်အကြီးမားဆုံး ရိုက်ခတ်မှုကိုခံရတဲ့အထဲမှာကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဒဏ်ကိုခံနေရတဲ့မြန်မာလည်းထိပ်ဆုံးက ပါဝင်ပါတယ်။
တကယ်တော့အခြားနိုင်ငံတွေကလည်းအထောက်အပံ့တွေလျော့ကျလာနေပါတယ်။သူတို့အတွက် ပိုအရေးကြီးတာကတော့”ကာကွယ်ရေး”လို့ထုတ်ပြန်ကြပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာတော့ဆာလောင်မွတ်သိပ်ပြီးဖျားနာနေတဲ့ ကလေးတွေရဲ့ ငိုသံတွေပဲ ကြားနေ ကြရပါတယ်။ သူတို့ဘဝတွေကိုအေပီသတင်းဌာနရဲ့ဆောင်းပါးရှင်ကရစ္စတန်ဂီလီနောက “ငရဲရဲ့အောက်ဆုံးအလွှာ”လို့အမည်တပ်ခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေကြားထဲမှာနိုင်ငံတကာအကူအညီတွေကိုဖြတ်တောက်မှုကိုထောက်ခံကြသူအများအပြားရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကူညီတဲ့ငွေကြေးပမာဏကိုအမှန်တကယ်မသိကြလို့ပါလို့စစ်တမ်းတစ်ခုကဆိုပါတယ်။
တကယ်တမ်းသူတို့ကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ဘယ်လိုအကူအညီတွေပေးသင့်သလဲလိုမေးမြန်းကြည့်တဲ့အခါ ၈၃ ရာခိုင်နှုန်းကဖွံ့ဖြိုးဆဲနိုင်ငံတွေကိုဆေးဝါးနဲ့ကျန်းမာရေး ဆိုင်ရာအထောက်အပံ့တွေကူညီသင့်တယ်လို့ ပြန်ဖြေကြပါတယ်။တကယ်တော့အမေရိကန်ဟပြည်ထောင်စုသုံးငွေရဲ့၁ ရာခိုင်နှုန်းကိုပဲလှူဒါန်းနေခဲ့တယ်ဆိုတာကိုသူတို့မသိကြပါဘူး။
အမေရိကန်ပြည်သူတွေကိုမေးမြန်းတဲ့အခါ၁၁ ရာခိုင်နှုန်းကပဲပြည်ထောင်စုဘတ်ဂျတ်ရဲ့၁ ရာခိုင်နှုန်းကိုလှူဒါန်းနေခဲ့တာလို့ဖြေဆိုနိုင်ကြပါတယ်။အများစုကတော့၆ ရာခိုင်နှုန်း ကနေ
၃၀ ရာခိုင်နှုန်းအထိလှူဒါန်းနေတယ်လို့ထင်ကြပါတယ်။ ဖြေဆိုသူတွေရဲ့၁၅ ရာခိုင်နှုန်းကတော့အမေရိကန်ဟာစုစုပေါင်းဘတ်ဂျတ်ရဲ့၅၁ ရာခိုင်နှုန်းကိုနိုင်ငံတကာမှာလှူဒါန်းနေ တယ်လို့ယုံကြည်နေကြပါတယ်။ဒါဟာမရိုးသားတဲ့နိုင်ငံရေးသမားတွေရဲ့ထောင်ချောက်ထဲကိုကျဆင်း ရခြင်းရဲ့အခြေခံအကြောင်းတရားတစ်ခုပါပဲ။
အခုတော့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးဆိုင်ရာကုသမဂ္ဂအဖွဲ့ကြီးဖြစ်တဲ့ UNAIDS ကခေါင်း
လောင်းထိုးလိုက်ပါပြီ။ကမ္ဘာ့တစ်လွားမှာအိတ်ချ်အိုင်ဗီရှိနေတဲ့သူတွေအတွက် “အရေးပေါ်အခြေအနေ”ကို ရောက်နေပါပြီတဲ့။အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးကို “ကြီးထွားလာနေတဲ့လူ့အခွင့်အရေးဆိုင်ရာပြဿနာ”လို့သူတို့အစီရင်ခံစာကဆိုပါတယ်။
ပြည်တွင်းစစ်အရှိန်တက်နေတဲ့မြန်မာနိုင်ငံမှာတော့ဗူးလေးရာဖရုံဆင့်ပါပဲ။လူကြိုက်များအောင်မရိုးသားတဲ့နည်းနဲ့မဲဆွယ်တဲ့ခေတ်၊အာဏာရှင်တွေရဲ့ရန်ကိုကြောက်လို့ကာကွယ်ရေးစရိတ်တွေတိုးမြှင့်နေကြတဲ့ခေတ်မှာလူသားချင်းစာနာထောက်ထားမှုဟာလစ်လျူရှူခံခဲ့ရပါပြီ။
















































