အသက် ၂၅ နှစ်အရွယ် ဟာလီမာ ဆစ်ဆီရဲ့ ကိုယ်ဝန်ကို အနောက်အာဖရိက ဒေသတွင်း နိုင်ငံက သားဖွား ဆရာဝန်တွေက စစ်ဆေးပြီးတဲ့နောက် အထူးကြပ်မတ် စောင့်ကြည့်မှု လိုအပ်တယ်လို့ ထောက်ခံ မှတ်ချက် ပေးခဲ့ပါတယ်။ ဒါကြောင့် မတ်လက စစ်ဆေးမှုတွေအပြီး မကြာခင်မှာပဲ ဆစ်ဆီကို မိုနာကို ပို့ဆောင်ခဲ့ကြပါတယ်။
မိုနာကိုမှာတော့ ဆရာဝန်တွေက မိခင်လောင်းနဲ့ ကိုယ်ဝန်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးခဲ့ကြပြီး အခုတော့ အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့ပါပြီ။ မိန်းကလေး ၅ ယောက်၊ ယောက်ျားလေး ၄ ယောက်နဲ့ မိခင်ဖြစ်သူပါ ကျန်းကျန်းမာမာ ရှိကြတယ်လို့ မိုနာကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၉ မွှာပူး မွေးတယ်ဆိုတာ ဆေးပညာ သမိုင်းမှာ ရှားပါးလွန်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ အဲဒီ အခြေအနေမျိုးမှာ ကလေးတချို့ဟာ လမစေ့ဘဲ ဖြစ်နေတတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ Ultrasound စစ်ဆေးမှုတွေမှာ ကလေး ၂ ဦးက သေချာ မပေါ်လွင်တာကြောင့် မူလက ဆစ်ဆီဟာ ၇ မွှာပူး မွေးမယ်လို့ ယူဆထားခဲ့ကြောင်းလည်း သိရပါတယ်။
