စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆူဒန်နိုင်ငံ အနှံ့အပြားမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပေါ်ပေါက်နေကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတား ဘာဟန် ဦးဆောင်တဲ့ စစ်တပ်က ဆူဒန် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်ပါတယ်။ ပြီးတော့ ဝန်ကြီးချုပ် အက်ဘ်ဒယ်လာဟမ်းဒေါ့ခ်နဲ့ ဇနီး၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တခြား အရပ်ဖက် ခေါင်းဆောင်တချို့ကိုပါ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းမှု သတင်းကို ကြားသိပြီးတာနဲ့ မြို့တော် ခါတွမ် အပါအဝင် နိုင်ငံအနှံ့က မြို့ရွာအသီးသီးမှာ စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်လာပါတယ်။ ပြည်သူတွေက ဆူဒန် အလံတွေကို ဝှေ့ရမ်းရင်း ဒီမိုကရေစီ ပြန်လည် ရရှိရေး ကြွေးကြော် တောင်းဆိုနေကြပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ အခု အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင် ရှုတ်ချမှုတွေလည်း ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၆ ရက်မှာ အစည်းအဝေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement
ဗိုလ်ချုပ်ကြီး ဘာဟန်က သူဟာ ပြည်တွင်းမှာ နိုင်ငံရေး အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေလို့ အာဏာကို ထိန်းသိမ်းလိုက်ရတာလို့ အကြောင်းပြပေမယ့် ပြည်သူတွေကရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ လက်မခံပါဘူး။ ဒီအတောအတွင်း ဆူဒန် စစ်သားတွေက ဆန္ဒပြ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို တစ်အိမ်တက်ဆင်း လိုက်ရှာနေတယ်လို့လည်း သိရပါတယ်။
ခါတွမ်မြို့တော်က နိုင်ငံတကာ လေဆိပ်ကိုလည်း ယာယီ ပိတ်ထားလိုက်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ ဗဟိုဘဏ်မှာလည်း ဝန်ထမ်းတွေ ဆန္ဒပြလို့ လုပ်ငန်းရပ်နေပြီး ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အရေးပေါ် ခွဲစိတ်ရတဲ့ ကိစ္စမျိုး မဟုတ်ရင် အစိုးရ ဆေးရုံတွေမှာ အလုပ်မဆင်းဘူးလို့ ကြေညာထားကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဆူဒန်မှာ အိုမာအယ်လ်ဘာရှာ ဦးဆောင်တဲ့ သက်တမ်းရှည် အာဏာရှင် အစိုးရ ပြုတ်ကျသွားပြီး ကတည်းက စစ်ဘက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေကြား တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြဿနာတွေက ပိုရှုပ်ထွေးလာပြီး စစ်တပ် အာဏာသိမ်းတဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စစ်အာဏာသိမ်းမှုဟာ ဘာရှာရဲ့ အစိုးရဟောင်းကို ပြုတ်ကျစေခဲ့တဲ့ ဆူဒန်ရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအပေါ် အကြီးအကျယ် သစ္စာဖောက်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်ဟာ ဆူဒန်ကို ပေးပို့မယ့် ဒေါ်လာ သန်း ၇၀၀ လောက် တန်ဖိုးရှိတဲ့ အထောက်အပံ့တွေကိုပါ ဆိုင်းငံ့ထားလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက်က လမ်းတွေပေါ်မှာ ညလုံးပေါက် ဆန္ဒပြခဲ့ကြသလို အောက်တိုဘာ ၂၆ ရက်မှာလည်း ပြည်သူတွေက အိမ်မပြန်ကြသေးဘဲ အရပ်သား အစိုးရလက် အာဏာပြန်အပ်ဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ စစ်တပ်က စတင်ပစ်ခတ်လာတဲ့ အချိန်မှာလည်း ဆန္ဒပြပွဲတွေက ရပ်တန့် မသွားခဲ့ပါဘူး။
ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေက ဆူဒန်မှာ စစ်တပ် အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အရေးတကြီး သဘောထား တုံ့ပြန်မှုတွေ ရှိလာပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂနဲ့ အာဖရိက ယူနီယံတို့ ပူးပေါင်းပြီး ဆူဒန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားကြပါတယ်။
ဘာရှာ ကြီးစိုးခဲ့တဲ့ ခေတ်အလွန် ဆူဒန်ရဲ့ စစ်ဘက်-အရပ်ဖက် အာဏာမျှဝေ အုပ်ချုပ်နေတဲ့ ကောင်စီဝင် တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘာဟန်က သူဟာ အရပ်သား အစိုးရဆီ အာဏာ ပြန်လွှဲပေးဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ကြိုစီစဉ်ထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောကြားသွားပါတယ်။


















































