မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် လျှောက်လှမ်းနိုင်ရေး ရည်မှန်းချက် အထမြောက်အောင် ဆက်လက် ထောက်ခံ ကူညီနေမယ်လို့ ကုလသမဂ္ဂ အဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာ တစ်နှစ်ပြည့်တဲ့ ကာလမှာ ကုလသမဂ္ဂရဲ့ ဩဇာ အကြီးဆုံး အစုအဖွဲ့ဖြစ်တဲ့ လုံခြုံရေး ကောင်စီက အခုလို ထုတ်ပြန်ခဲ့တာပါ။
ပြီးတော့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်ဖို့လည်း လုံခြုံရေး ကောင်စီက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
ဒီကြေညာချက်ကို လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့တဲ့ တစ်နှစ်တာ အတောအတွင်း မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေ၊ အဖက်ဖက်က အားနည်းနေသူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပိုမို လိုအပ်လာနေကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

Public Service Announcement
ဒီအတောအတွင်း ကုလသမဂ္ဂက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီ၊ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ စစ်တပ်ကို ဖယ်ထုတ်ထားလို့ မရဘူး ဆိုတာမျိုး CNAနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာကြောင့် အတော်လေး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းမှု တစ်နှစ်တင်းတင်းပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်က မြန်မာတစ်နိုင်ငံလုံးမှာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း အသံတိတ် သပိတ် ဆင်နွှဲခဲ့တာကြောင့် ဟေဇာဟာ ပိုပြီး ဝေဖန် ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံရေးသမားတွေ၊ ဆန္ဒပြသူတွေ၊ အာဏာဖီဆန် လှုပ်ရှားသူ CDMသမားတွေ၊ မီဒီယာတွေ၊ အရပ်သား ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၁၅၀၀ လောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို မဟန့်တားနိုင်ခဲ့ပါဘူး။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံမှာ ရက်စက် ကြမ်းတမ်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူတွေ တိုးပွားလာနေတာနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း၊ ပြည်တွင်းမှာ ဘယ်လို အကြမ်းနည်းသုံးတဲ့ လုပ်ရပ်မျိုးမဆို ရပ်တန်းက ရပ်ကြဖို့ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
ကုလမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အဟန့်အတားမရှိ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ အရမ်း အရေးကြီးကြောင်းလည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် အာဏာမသိမ်းခင် ကတည်းက ရှိခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် ဆက်လက် အဖြေရှာနိုင်ဖို့ လိုအပ်နေသေးကြောင်းလည်း လုံခြုံရေး ကောင်စီက သတိပေးသွားပါတယ်။


















































