Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆိုမာလီယာ ဟိုတယ် စီးနင်းခံရမှုပြီးဆုံးကြောင်း အတည်ပြု၊ လူ ၂၀ ကျော် သေဆုံး

ဒီစစ်ဆင်ရေး အတောအတွင်းမှာ အခက်အခဲတွေ၊ နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့ပြီး နာရီပေါင်း ၃၀ လောက် ကြာမြင့်ပြီးတဲ့အခါ အကြမ်းဖက်သမား အားလုံးကို ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဆိုမာလီယာ ဟိုတယ် စီးနင်းခံရမှု ပြီးဆုံးကြောင်း အတည်ပြု၊ လူ ၂၀ ကျော် သေဆုံး
ဆိုမာလီယာ ဟိုတယ် စီးနင်းခံရမှု ပြီးဆုံးကြောင်း အတည်ပြု၊ လူ ၂၀ ကျော် သေဆုံး

ဟိုတယ်တစ်ခုကို သေနတ်သမားတွေက နာရီပေါင်း ၃၀ လောက် စီးနင်း ထိန်းချုပ်ထားတဲ့ ဖြစ်စဉ်ကြီးကို အဆုံးသတ်နိုင်ခဲ့ပြီး လူပေါင်း ၂၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ဆိုမာလီယာ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မိုဂါဒစ်ရှူး မြို့တော်မှာရှိတဲ့ ဟေးယက် ဟိုတယ်ကို လက်နက်ကိုင် အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ သေနတ်သမားတွေက ဖောက်ခွဲရေး ပစ္စည်းတွေကို အသုံးပြုပြီး ဟိုတယ်ထဲကို ရောက်အောင် ဝင်လာနိုင်ခဲ့ကြပါတယ်။ ရုတ်တရက် ကြုံလာရတဲ့ တိုက်ခိုက်ခံရမှုကြောင့် ဟိုတယ်ထဲမှာ လူပေါင်း ရာနဲ့ချီ ပိတ်မိနေခဲ့ပါတယ်။

ဆိုမာလီယာမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကျဖြစ်တဲ့ အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ အယ်လ်ရှာဘက်ဘ်က အဲဒီစီးနင်းမှုကို သူတို့ စီစဉ်ခဲ့တာလို့ ကြေညာပါတယ်။ ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဟိုတယ်ကို ထိန်းချုပ်ထားတဲ့ အကြမ်းဖက်သမားတွေကို ရှင်းလင်းဖို့ အတွက်ရော၊ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ပါ ကြိုးစားခဲ့ရပါတယ်။

ဒီစစ်ဆင်ရေး အတောအတွင်းမှာ အခက်အခဲတွေ၊ နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့ပြီး နာရီပေါင်း ၃၀ လောက် ကြာမြင့်ပြီးတဲ့အခါ အကြမ်းဖက်သမား အားလုံးကို ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုတယ်ထဲမှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေး အစီအစဉ်အားလုံး ဩဂုတ် ၂၁ ရက် ညသန်းခေါင်မှာ အဆုံးသတ်လိုက်နိုင်ပြီလို့ အတည်ပြုကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဘ်ဒီဟာဆန် မိုဟာမက် ဟိုင်ဂျရာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတာ ကြေကွဲမိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဟိုတယ်ထဲ ပိတ်မိနေသူတွေကို တစ်ယောက်ချင်းစီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။

ဆိုမာလီယာ အစိုးရရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၁၀၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၁ ဦး စာရင်းရထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အသေအပျောက် အတိအကျကို အာဏာပိုင်တွေက မရေတွက်ခင် ရုပ်အလောင်း တချို့ကို မိသားစုဝင်တွေက ပြန်သယ်သွားတဲ့အတွက် တကယ်တမ်း သေဆုံးသူ ဦးရေဟာ ကြေညာထားတာထက် ပိုများနိုင်ပါတယ်။ ဒဏ်ရာရသူ ၁၁၇ ဦး ရှိခဲ့ပြီး ၁၅ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း ဟိုင်ဂျရာက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေကြား အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် ဟိုတယ် တစ်ခုလုံးမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ စီးနင်းမှု အတောအတွင်း ဟိုတယ် ခေါင်မိုးပေါ်ကနေ မီးခိုးလုံးတွေ ထွက်လာတာမျိုးကိုလည်း တွေ့ခဲ့ရပါတယ်။

ဟိုတယ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပေမယ့်လည်း ကားဗုံးနှစ်လုံး ဖောက်ခွဲလိုက်ချိန်မှာ အကြမ်းဖက် အဖွဲ့တွေက ဟိုတယ်ထဲဝင်ဖို့ လမ်းကြောင်း ရသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ နောက်တော့ လုံခြုံရေး တပ်ဖွဲ့ ကွန်မန်ဒိုတွေက ဟိုတယ်ရဲ့ အမိုးပေါ်ကို ထိုးဖောက် နေရာယူပြီး အကြမ်းဖက်သမားတွေကို တစ်ထပ်ချင်းစီ လိုက်လံ ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက ဟိုတယ်ဝန်ထမ်းတွေနဲ့ ဧည့်သည်တချို့ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့တယ်လို့လည်း သိရပါတယ်။

အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အယ်လ်ရှာဘက်ဘ်တွေဟာ ဆိုမာလီယာ အစိုးရနဲ့ ကာလရှည်ကြာ စစ်ခင်း တိုက်ခိုက်နေပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ ဆိုမာလီယာ တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီး အစိုးရ ရုံးစိုက်ရာ မိုဂါဒစ်ရှူးထိ ဩဇာပျံ့နှံ့အောင် ချဲ့ထွင်ထားနိုင်ခဲ့ပါတယ်။

ဆိုမာလီယာက အစိုးရ အရာရှိတွေ၊ သံတမန်တွေ သွားလာလေ့ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ခံရတာမျိုးတွေက အရင်ကလည်း ကြုံဖူးပါတယ်။ မိုဂါဒစ်ရှူးမှာ ကြုံဖူးသမျှ အဆိုးဆုံး အကြမ်းဖက်မှုကတော့ ၂၀၁၇၊ အောက်တိုဘာလတုန်းက မြို့ရဲ့ လူအစည်ကားဆုံး လမ်းဆုံတစ်ခုကို ပစ်မှတ်ထားခဲ့တဲ့ ဗုံးခွဲမှုပါ။ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ် တင်လာတဲ့ ထရပ်ကားကို ဗုံးခွဲလိုက်ရာကနေ လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ဘယ်အဖွဲ့အစည်းကမှ တာဝန်မခံပေမယ့် အယ်လ်ရှာဘက်ဘ်တွေ လက်ချက်လို့ အစိုးရက စွပ်စွဲခဲ့ပါတယ်။

အခုတစ်ကြိမ် ဟေးယက်ဟိုတယ်ကို စီးနင်းမှုဟာ သမ္မတသစ် ရှိတ်ခ်မိုဟာမွတ်အတွက် အယ်လ်ရှာဘက်ဘ်တွေဆီက သတိပေးမှု တစ်ခုလို့ ယူဆနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ မေလကမှ သမ္မတ ရာထူးကို ဆက်ခံထားတဲ့ မိုဟာမွတ်က သူ့အစိုးရ လက်ထက်မှာ ပြည်တွင်းက အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုတွေ ချုပ်ငြိမ်းရေးကို ဦးစားပေးအဆင့် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။