Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်တွေကြောင့် တူရကီနဲ့ ဆီးရီးယားမှာ အသေအပျောက် ၅၀၀၀ ကျော်ထိ မြင့်တက်လာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ တစ်ပတ်အတွင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅၀၀၀ ကနေ ၃၀၀၀၀ နီးပါးလောက်ထိ မြင့်တက်လာမှာကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ငလျင်တွေကြောင့် တူရကီနဲ့ ဆီးရီးယားမှာ အသေအပျောက် ၅၀၀၀ ကျော်ထိ မြင့်တက်လာ
ငလျင်တွေကြောင့် တူရကီနဲ့ ဆီးရီးယားမှာ အသေအပျောက် ၅၀၀၀ ကျော်ထိ မြင့်တက်လာ

အင်အားပြင်း ငလျင်ကြီးတွေ ဆင့်ကဲ လှုပ်ခတ်ခဲ့တဲ့နောက် တူရကီနဲ့ ဆီးရီးယား နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက် ၅၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ဆီးရီးယားနဲ့ နယ်စပ်နားက တူရကီပိုင် ဂါဇီယန်တက်ပ် မြို့နားမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် တူရကီက မြို့ရွာ တော်တော်များများနဲ့ ဆီးရီးယားမြောက်ပိုင်း နယ်မြေတွေမှာ သေကြေမှုတွေ ထိခိုက် ပျက်စီးမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

နောက်ထပ် ၁၂ နာရီအကြာ ညနေပိုင်းမှာတော့ အဲဒီ ငလျင်ကြီး ဗဟိုပြုရာ နေရာရဲ့ မြောက်ပိုင်း ကီလိုမီတာ တချို့အကွာကို ဦးတည်ပြီး ရစ်ချ်တာစကေး ၇.၄ အဆင့် ငလျင်နောက်တစ်ခု ထပ်လှုပ်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ပြင်းထန်မှုနှုန်း မတူညီတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဒါဇင်နဲ့ချီ လှုပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ကြောင့် နေရာအနှံ့အပြားမှာ အဆောက်အအုံတွေ ပြိုကျခဲ့ပြီး တူရကီမှာ သေဆုံးသူ ၃၄၀၀ ကျော်ထိ စာရင်း ရထားပါပြီ။ ဒါ့အပြင် ဆီးရီးယားမှာလည်း နောက်ထပ် ၁၆၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ နေရာအနှံ့မှာ အပျက်အစီးပုံကြီးတွေ ရှိနေပြီး အဲဒီအောက်မှာ ရုပ်အလောင်းတွေနဲ့ အသက်ရှင်သူတွေ ပိတ်မိနေနိုင်သေးတာကြောင့် အသေအပျောက် အရေအတွက်ဟာ ထိုးတက်လာဦးမှာကို စိုးရိမ်နေရပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကို အဆောတလျင် ရှာဖွေနေပေမယ့် ငလျင်ကြောင့် ဓာတ်အားနဲ့ လောင်စာ ပြတ်တောက်တာတွေ၊ နောက်ဆက်တွဲ ငလျင် အန္တရာယ် စိုးရိမ်ရတာတွေ အပါအဝင် စိန်ခေါ်မှု ပေါင်းစုံကြောင့် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

နောက်ပြီး အရမ်းချမ်းအေးလှတဲ့ ရာသီဥတုကလည်း ကယ်ဆယ်ရေး အဖွဲ့သားတွေအတွက် အဟန့်အတား ဖြစ်နေစေပြန်ပါတယ်။ နေအိမ်တွေ ပြိုကျမသွားတဲ့ မိသားစုတွေကလည်း လောလောဆယ် သူတို့အိမ်တွေထဲ ပြန်မသွားရဲသေးဘဲ လမ်းပေါ်ထွက်ပြီး ကားတွေထဲမှာ အိပ်စက်ခဲ့ကြပါတယ်။

သေဆုံးသူ ၅၀၀၀ ကျော်လာတဲ့ အချိန် နောက်ထပ် ထောင်ပေါင်းများစွာသော လူနာတွေကိုလည်း ဆေးရုံတေါဆီ တင်ပို့ထားရပါတယ်။ တူရကီ လခြမ်းနီ အသင်းကလည်း လူနာတွေအတွက် သွေးသွင်းဖို့ သွေးပမာဏ အမြောက်အမြား လိုအပ်နေတာကြောင့် သွေးအလှူခံနေရပါတယ်။

မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်ကလည်း အခုငလျင်ကြီးကို သမိုင်းဝင် သဘာဝ ကပ်ဘေးကြီးအဖြစ် ညွှန်းဆိုခဲ့ပြီး ပြည်သူတွေကို အစွမ်းကုန် ကူညီပေးဖို့ အာဏာပိုင် အဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ တစ်ပတ်အတွင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅၀၀၀ ကနေ ၃၀၀၀၀ နီးပါးလောက်ထိ မြင့်တက်လာမှာကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။