Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပြီး နျူကလီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ထုတ်ပြန်

ဩစတြေးလျဟာ လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး ခေတ်နောက်ကျနေတဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေရဲ့ နေရာမှာ မျိုးဆက်သစ်၊ နည်းပညာ အမြင့်ဆုံး နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ အစားထိုးသွားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပြီး နျူကလီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ထုတ်ပြန်
အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပြီး နျူကလီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ထုတ်ပြန်

အင်ဒို-ပစိဖိတ် ရပ်ဝန်းမှာ တရုတ်ရေတပ်ရဲ့ ဩဇာ ချဲ့ထွင်မှုတွေကို တန်ပြန်ပြီး သုံးနိုင်ငံ ပူးပေါင်းထားတဲ့ နျူကလီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ အစိုးရတွေက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မူအားဖြင့် သဘောတူညီမှု ရရှိထားခဲ့တဲ့ Aukus အစီအမံနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို သုံးနိုင်ငံ ခေါင်းဆောင်တွေက အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့က ဆိပ်ကမ်းမှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီ အစီအစဉ်အရ အမေရိကန်ဟာ အခု ဆယ်စုနှစ် မကုန်ဆုံးခင် အတောအတွင်း ဩစတြေးလျ ရေတပ်ကို နျူကလီးယား စွမ်းအင်သုံး Virginia Class ရေငုပ်သင်္ဘော ၃ စီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဩစတြေးလျ ရေတပ်က ဆန္ဒရှိမယ်ဆိုရင် နောက်ထပ် ၂ စီး တိုးမြှင့် ဝယ်ယူခွင့် ပေးသွားမှာပါ။ အဲဒီ ရေငုပ်သင်္ဘောတွေက နျူကလီးယား စွမ်းအင်နဲ့ မောင်းနှင်ပေမယ့် နျူကလီးယား လက်နက်တွေတော့ တပ်ဆင်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဩစတြေးလျ ရေတပ်သားတွေဟာ အခုနှစ်ကစပြီး အမေရိကန်နဲ့ ဗြိတိန်မှာ ရေငုပ်သင်္ဘော မောင်းနှင် ကိုင်တွယ်မှုဆိုင်ရာ သင်တန်းတွေကို စတင် တက်ရောက်မယ်လို့ ဆိုပါတယ်။ ၂၀၂၇ ခုနှစ်မှာ ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ပါ့သ်မြို့က ဩစတြေးလျ ရေတပ်စခန်း တစ်ခုမှာ ရေငုပ်သင်္ဘောတချို့ စတင် အခြေစိုက်ပါမယ်။

၂၀၃၀ နောက်ပိုင်းနှစ်တွေမှာတော့ သုံးနိုင်ငံ ပူးပေါင်းပြီး အင်ဒို-ပစိဖိတ် ရပ်ဝန်းမှာ လုံခြုံရေး မြှင့်တင်မယ့် နျူကလီးယား ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီး တစ်ခုကို စတင် တည်ဆောက်တော့မှာပါ။ အဲဒီ ရေငုပ်သင်္ဘောတွေ အားလုံးကို ဗြိတိန်က ဒီဇိုင်းထုတ်ပြီး ဗြိတိန် ကုမ္ပဏီ Rolls-Royceက နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဩစတြေးလျနဲ့ ဗြိတိန်မှာ တည်ဆောက်မယ့် ရေငုပ်သင်္ဘောတွေမှာ သုံးနိုင်ငံစလုံးရဲ့ အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး နည်းပညာတွေ ပူးပေါင်း ထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။

အစဉ်အလာအရ အမေရိကန် ရေတပ်က စိုးမိုးထားရာ အင်ဒို-ပစိဖိတ် ရေပြင်မှာ တရုတ်ရေတပ်က အင်အားဖြန့်ကျက်ဖို့ ကြိုးစားလာတဲ့နောက် Aukusဟာ အမေရိကန်အတွက် အရေးတကြီး လိုအပ်တဲ့ မဟာဗျူဟာ အခင်းအကျင်းတစ်ခု ဖြစ်လာပါတယ်။ တရုတ်ဟာ ဩစတြေးလျအတွက် အဓိက ကုန်သွယ်ဖက် ဖြစ်နေတဲ့တိုင် နှစ်နိုင်ငံကြားမှာ စစ်ရေးအရ ပြိုင်ဆိုင်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

မူလက ဩစတြေးလျဟာ ပြင်သစ်ဆီက ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ ရည်ရွယ်ခဲ့ပေမယ့် အစီအစဉ်ကို ဖျက်ပြီး အမေရိကန် ရေငုပ်သင်္ဘောတွေ ဝယ်မယ့် Aukus သဘောတူညီမှုမှာ ပါဝင်ခဲ့တာကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါသေးတယ်။

မတ် ၁၃ ရက်မှာတော့ ဘိုင်ဒန်ဟာ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်၊ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်တို့နဲ့အတူ Aukusရဲ့ အစီအမံတွေကို သတင်းထောက်တွေဆီ အသိပေး ပြောကြားသွားခဲ့တာပါ။

ဩစတြေးလျဟာ လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး ခေတ်နောက်ကျနေတဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေရဲ့ နေရာမှာ မျိုးဆက်သစ်၊ နည်းပညာ အမြင့်ဆုံး နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ အစားထိုးသွားနိုင်မှာ ဖြစ်ပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။

သတင်း

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။