ပြီးခဲ့တဲ့ နှစ်တုန်းက ဩစတြေးလျဟာ ပြင်သစ်ဆီက ယူရို ၃၅ ဘီလီယံ တန်ဖိုးရှိတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အုပ်စုတစ်ခု ဝယ်ယူဖို့ သဘောတူ စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီအစား အမေရိကန်နဲ့ ဗြိတိန် နည်းပညာတွေ အသုံးပြုထားတဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ ဩစတြေးလျက ရွေးချယ်လိုက်ပါတယ်။
ဒီကိစ္စကြောင့် ပြင်သစ်ဟာ မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ပြင်သစ်၊ ဗြိတိန်တို့နဲ့ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အကျေအလည် ညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့ပြီး အခုတော့ ဩစတြေးလျက ပြင်သစ်ရဲ့ Naval Group ကုမ္ပဏီကို နစ်နာကြေး ယူရို ၅၅၅ သန်း ပေးချေဖို့ သဘောတူညီခဲ့ပါတယ်။
ဩစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီ အယ်လ်ဘန်နိစ်က ဒီလုပ်ဆောင်မှုဟာ မျှတပြီး နှစ်ဦးနှစ်ဖက် ကျေနပ်စေမယ့် ဖြေရှင်းချက် ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဩစတြေးလျ ရေတပ်ဟာ ပြင်သစ်အစား အမေရိကန်နဲ့ ဗြိတိန် နည်းပညာသုံး ရေငုပ်သင်္ဘောတွေ ပြောင်းလဲ မှာယူလိုက်တဲ့ သဘောတူညီမှုကို Aukusလို့ အတိုကောက် ခေါ်ဝေါ်ပါတယ်။ Aukusဟာ အယ်လ်ဘန်နိစ် မတိုင်ခင် ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း စကော့ မော်ရစ်ဆန် လက်ထက်တုန်းက အထမြောက်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဘန်နိစ်က သူဟာ နှစ်နိုင်ငံကြားက အထစ်အငေါ့တွေကို ချေဖျက်နိုင်ဖို့အတွက် မကြာခင် ပြင်သစ်နိုင်ငံကို သွားရောက်လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဆီဘက်ရှန် လီကော်နူကလည်း အခု နစ်နာကြေး သဘောတူညီမှုဟာ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆက်ဆံရေး မျက်နှာစာကို မူလ အနေအထားဆီ ပြန်လည် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ် ယုံကြည်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
Aukus သဘောတူညီမှုအရ ဩစတြေးလျဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ကိုင်တွယ် အသုံးပြုနိုင်တဲ့ သတ္တမမြောက် ကမ္ဘာ့နိုင်ငံ ဖြစ်လာတော့မှာပါ။ အစောပိုင်းမှာတော့ ပြင်သစ်နဲ့ ဩစတြေးလျ အစိုးရတွေကြားမှာ Aukusကြောင့် ကြီးမားတဲ့ အကွဲအပြဲတွေ ဖြစ်ခဲ့ပါသေးတယ်။
Aukusဟာ ဒေသတွင်းမှာ တရုတ်ရေတပ်ရဲ့ ဖြန့်ကျက်လာမှုကို ဩစတြေးလျက အင်ပြည့်အားပြည့် တန်ပြန်နိုင်စေဖို့ အမေရိကန်က ကူညီ လက်နက် တပ်ဆင်ပေးတဲ့ အစီအမံ တစ်ရပ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဩစတြေးလျနဲ့ တရုတ်တို့ကြား ဆက်ဆံရေးဟာ ကဏ္ဍပေါင်းစုံမှာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။