Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖီထာအတွက် ထိုးနှက်ချက် ဖြစ်ခဲ့တဲ့ မဲရေတွက်မှု ရလဒ်နဲ့ ထိုင်းနိုင်ငံရေး နောက်ဆက်တွဲ ဖြစ်နိုင်ခြေများ

ဖီထာအတွက် ထိုးနှက်ချက် ဖြစ်ခဲ့တဲ့ မဲရေတွက်မှု ရလဒ်နဲ့ ထိုင်းနိုင်ငံရေး နောက်ဆက်တွဲ ဖြစ်နိုင်ခြေများ
မုဗ်ဖော်ဝပ် ပါတီ (MFP)နဲ့ ပါတီခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ် (Photo - Reuters)

ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာတော့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံးနဲ့ အနိုင်ရထားတဲ့ မုဗ်ဖော်ဝပ် ပါတီ (MFP)နဲ့ ပါတီခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ထိုင်းမှာ အာဏာသိမ်း စစ်အစိုးရ အုပ်စိုးစဉ်က တစ်ဖက်သတ် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်ထဲကို ရောက်နေတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ဟာ ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း အများပြည်သူရဲ့ သဘောထား ဆန္ဒနဲ့ ရွေးချယ်မှုကို မျက်ကွယ်ပြုပြီး ဖီထာကို ထောက်ခံမဲ မပေးခဲ့ကြပါဘူး။ လွှတ်တော်နှစ်ရပ်ရဲ့ မဲစုစုပေါင်း ၇၅၀ အနက် ၇၀၄ နေရာစာကို ရေတွက်ပြီးတဲ့ အချိန်ထိ အထက်လွှတ်တော် အမတ် ၂၅၀ ထဲက ၁၁ ဦးသာ ဖီထာအတွက် ထောက်ခံမဲ ပေးခဲ့ပါတယ်။ ကျန်တဲ့ အထက်လွှတ်တော် အမတ်အများစုက ကြားနေ၊ ပျက်ကွက်မဲတွေ ဖြစ်စေခဲ့ပြီး တချို့ကတော့ ဖီထာကို ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။ ၇၀၄ မဲစာ ရေတွက်ပြီးချိန်မှာ ဖီထာဟာ ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ပြီး ဝန်ကြီးချုပ် ရာထူးအတွက် လိုအပ်တဲ့ ၃၇၆ မဲ မပြည့်မီဖို့ သေချာသွားခဲ့ပါတယ်။

MFP ဦးဆောင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ပါတီ ၈ ခု ပါဝင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုကို အခြေပြုတဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဖီထာရဲ့ မျှော်လင့်ချက်ဟာ လောလောဆယ်တော့ မရေမရာ ဖြစ်လာပါပြီ။ လုပ်ထုံးလုပ်နည်းတွေအရ ဖီထာဟာ အထက်လွှတ်တော် အမတ်တွေဆီက နောက်ထပ် ထောက်ခံမဲတွေ ရရှိလာအောင် တစ်ပတ်လောက် ကာလအတွင်း စည်းရုံး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ခွင့်ကို နောက်ထပ် မဲခွဲ ဆုံးဖြတ်မှုတွေ ခံယူဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ တော်ဝင်မိသားစုကို လိုလားတဲ့ ကွန်ဆာဗေးတစ် အများစု ပါဝင်တဲ့ အထက်လွှတ်တော် အမတ်တွေဟာ ဖီထာကို တင်းတင်းမာမာ သဘောထားမျိုး ရှိနေတာကြောင့် ဒီကိစ္စက မလွယ်ပါဘူး။ ဒီတော့ အတိုက်အခံ အင်အားစုတွေဟာ နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတွေကို စဉ်းစားရတော့မှာပါ။

ပထမဆုံး နည်းလမ်းကတော့ အထက်လွှတ်တော် အမတ်တွေ ရာထူးသက်တမ်းစေ့မယ့် ၂၀၂၄ ခုနှစ်ထိ ဝန်ကြီးချုပ်သစ် မတင်မြှောက်တာပါ။ တစ်နည်းအားဖြင့် လက်ရှိ ကြားကာလ အစိုးရအဖြစ် တာဝန်ယူထားသူ ပယာရွတ် ချန်အိုချာကို နောက်ထပ် ၁၀ လလောက် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်ခွင့် ပေးထားရမယ့် သဘောပါ။ ဒါပေမဲ့ ဒီမိုကရေစီ အင်အားစုတွေက ဒီကိစ္စကို လက်ခံမှာ မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ဒုတိယ အပြောင်းအလဲ နည်းလမ်းကတော့ ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)က ဖီထာကိုယ်စား ဝန်ကြီးချုပ်လောင်း တခြားတစ်ဦးကို နာမည်စာရင်း တင်သွင်းဖို့ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း MFPနဲ့ PTPတို့ ကြိုညှိထားပြီးပြီလို့ ယုံကြည်ရပါတယ်။ ဒီနေရာမှာလည်း စဉ်းစားစရာ နှစ်ချက် ရှိလာပါတယ်။ ဖီထာက နောက်ဆုတ်ပေးလိုက်လို့ PTPကသာ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုခွင့် ရှိလာမယ်ဆိုရင် အဓိက ဖြစ်နိုင်ခြေ နှစ်ဦး ရှိလာပါတယ်။ ပထမ တစ်ယောက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာပါ။ ပြဿနာက ရှီနာဝပ်ထရာ မျိုးဆက်တွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို နှစ်ကြိမ်ကြုံဖူးတဲ့ ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့သလို ထိုင်းစစ်တပ်နဲ့ ကွန်ဆာဗေးတစ်တွေကလည်း ရှီနာဝပ်ထရာဆိုတဲ့ နာမည်ကိုပါ ရွံမုန်းနေပါတယ်။ ဒီတော့ ဖီထာလိုပဲ ပေတွန်တန်ကိုလည်း ကန့်လန့်တိုက်ကြမယ့် အလားအလာ ရှိနေပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေကတော့ အလယ်အလတ် လမ်းစဉ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ဆရက်သာ သာဗင်ဆင်ကို PTPရဲ့ ဝန်ကြီးချုပ်လောင်း အနေနဲ့ အဆိုတင်သွင်းဖို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေး လေ့လာသူတွေကတော့ ဆရက်သာဟာ ဖီထာ၊ ပေတွန်တန်တို့နဲ့ ယှဉ်လိုက်ရင် ကွန်ဆာဗေးတစ်တွေဆီက ပိုမိုပျော့ပျောင်းတဲ့ သဘောထား အမြင်နဲ့ လက်ခံနိုင်ခြေတွေ ရှိနေတယ်လို့ သုံးသပ်ထားကြပါတယ်။

ဒါပေမဲ့ အဲဒီ အခြေအနေတွေက လာမယ့် ဇူလိုင် ၁၉ နဲ့ ၂၀ မှာ ဖီထာက လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက် ၃၇၆ နေရာစာကို လွှတ်တော်ထဲမှာ မစုဆောင်းနိုင်ခဲ့ဘူး ဆိုမှသာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဖီထာနဲ့ MFPကတော့ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှု အများဆုံး ရထားတဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ရပိုင်ခွင့်လို့ သတ်မှတ်နိုင်တဲ့ ဝန်ကြီးချုပ် နေရာကို အလွယ်တကူ လက်လျှော့မှာ မဟုတ်ပါဘူး။

နောက်ပြီး ဖီထာကိုသာ ဝန်ကြီးချုပ်နေရာပေးဖို့ အထက်လွှတ်တော်က တင်းတင်းမာမာ ဆက်လက် ငြင်းဆိုနေရင် ပြည်တွင်းမှာ ဆန္ဒပြမှုတွေနဲ့ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာမယ့် ပြဿနာကလည်း ရှိနေပါတယ်။ ထိုင်းလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှု ကနဦး ရလဒ်ကတော့ ထိုင်းမှာ ကွန်ဆာဗေးတစ်တွေနဲ့ စစ်တပ်လိုလားတဲ့ အင်အားစုတွေဟာ ပြည်သူ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဖီဆန်ပြီး ဒီမိုကရေစီ တန်ဖိုးတွေနဲ့ အညီ ရွေးကောက်ပွဲ အနိုင်ရလာတဲ့ ပုဂ္ဂိုလ်ကို ငြင်းပယ်ဖို့ နည်းနည်းလေးမှ တွန့်ဆုတ်မှု မရှိခဲ့ကြောင်း မြင်သာစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။