နိုင်ငံကို ပြန်ရောက်လာတဲ့နောက် ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ကျန်းမာရေး ပြဿနာတွေကြောင့် ဆေးရုံ တက်နေရကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ပြည်ပကို ၁၅ နှစ်လောက် တိမ်းရှောင်နေခဲ့ချိန် အတောအတွင်း ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် စီရင်ချက်ကို သက်ဆင်ဟာ ထိုင်းနိုင်ငံ ပြန်ရောက်ပြီး နာရီပိုင်း အကြာမှာပဲ တရားရုံးမှာ သွားရောက် နားထောင်ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက သူ့ကို ဘန်ကောက်မှာရှိတဲ့ အဓိက အကျဉ်းထောင်ကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။
နောက်တစ်နေ့ ဩဂုတ် ၂၃ ရက် မနက်ပိုင်းမှာတော့ ထိုင်းရဲတပ်ဖွဲ့က သက်ဆင်ဟာ ကျန်းမာရေး တိုးတက်မလာတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ ဆေးရုံမှာ နောက်ထပ် သီးခြား ဆေးစစ်မှုတွေ ခံယူပြီး ဆေးရုံပြောင်းတက်နေတယ်လို့ သိရပါတယ်။ သက်ဆင်ကို အထူးဆောင်မှာ ထားရှိပြီး သူ့ရဲ့ နှလုံး၊ အဆုတ်၊ ကျောရိုးဆိုင်ရာ ကျန်းမာရေး အခြေအနေတွေ၊ သွေးဖိအားတွေကို အချိန်ပြည့် အနီးကပ် စောင့်ကြည့်နေရတယ်လို့ အကျဉ်းဦးစီး ဌာန အကြီးအကဲ အေယွတ် ဆင်တော့ပန်တိုးက သတင်းထောက်တွေကို ပြောပါတယ်။
သက်ဆင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့တော့ တိတိကျကျ မသိရသေးပါဘူး။
ထောင်ရဲ့ ကုသဆောင်ဟာ သက်ဆင်ရဲ့ လက်ရှိ ကျန်းမာရေး အနေအထားကို စောင့်ရှောက် ကုသပေးနိုင်ဖို့ လုံလောက်တဲ့ ကျွမ်းကျင် ဆရာဝန်တွေနဲ့ ဆေးဝါး ကိရိယာတွေ မရှိတာကြောင့် ဆေးရုံပြောင်းတင်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ပရာချူရက်ဘ် ဝန်ဆွတ်ခ်က ရှင်းပြပါတယ်။
ထိုင်းတရားရုံးချုပ်က သက်ဆင်ကို အာဏာ အလွဲသုံးစားပြုမှု၊ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးစေမှုတွေအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ထားခဲ့တာပါ။ သက်ဆင် ပြန်လာတဲ့ အချိန်ဟာ သူနောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ ထိုင်းမှာ အာဏာရလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သက်ဆင်ရဲ့ ပြစ်ဒဏ်တွေ လွတ်ငြိမ်းချမ်းသာခွင့် ရစေဖို့ နောက်ကွယ်မှာ PTPက နိုင်ငံရေး ပြိုင်ဘက်တွေနဲ့ ညှိနှိုင်း သဘောတူညီမှု ရယူထားပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး သက်ဆင်နဲ့ PTPကတော့ ငြင်းဆိုထားပါတယ်။
