သြဂုတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီးနောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်နေ့ညက ဗုံးကြဲခဲ့ပါတယ်။
သြဂုတ်လ၂၈ရက် ည၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ဆေးရုံကိုတည့်တည့်ကြဲတာ။ဒီမှာကစစ်ဘေးရှောင်တွေပဲရှိတာ။လေကြောင်းသတိပေးချက်ကြိုပေးရလို့ ရှောင်ကြတိမ်းကြတယ်။ အထိခိုက်ရှိ၊မရှိသတင်းကို ဒီမနက်အထိ မကြားရသေးဘူး”လို့ မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက် ထိန်းချုပ်ထားတာပါ။လတ်တလော မံစီမြို့နယ်ထဲမှာတိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဗုံးလာကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“တမင်သက်သက်အလွတ်ကြီးလာကြဲတာ။ကျမဆိုကံကောင်းလို့ မသေတာ။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားကြဲတာ”လို့ ရွှေကူမြို့ကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။
မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေတက်လာတဲ့စစ်သင်္ဘောတွေကို KIA နဲ့ KPDFကတိုက်ခိုက်နေပါတယ်။ရွှေကူမှာအထိနာလို့ မံစီကိုမဲပြီးဗုံးကြဲတာလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်စစ်သင်္ဘောတွေကိုKIA ၊KPDFနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်ရေယာဥ်အချို့ပျက်စီးတာတွေရှိနေပါတယ်။
တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်လို့ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒေသအများစုမှာဆေးရုံတွေ၊ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲမှုတွေဆက်ရှ်ိနေပါတယ်။


















































