အရှေ့အလယ်ပိုင်း ဒေသမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်သင်္ဘော တစ်စီးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက ဒုံးကျည်နဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ယီမင်နိုင်ငံ တောင်ပိုင်းက အေဒန် ပင်လယ်ကွေ့ထဲမှာ ရှိနေတဲ့ USS Mason ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘောကို ဟိုသီတွေ ထိန်းချုပ်ထားတဲ့ ဧရိယာ တခုကနေ လှမ်းပြီး ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုသီတွေနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ လက်နက်ကိုင်တွေက စီးနင်းမှုကြောင့် အရပ်ဖက် သင်္ဘော တစ်စီးက အရေးပေါ် အကူအညီ တောင်းခံမှုကို အမေရိကန် ရေတပ်က လက်ခံ တုံ့ပြန်ခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို ရန်လိုမှုမျိုး ကြုံခဲ့ရတာလို့ ရေတပ်က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖော့စ်ဖရပ်စ် အက်ဆစ်တွေ တင်ဆောင်လာတဲ့ Central Park ဓာတု လောင်စာတင် သင်္ဘောက အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်း တခုရဲ့ တိုက်ခိုက်မှုကို ခံနေရကြောင်း နိုဝင်ဘာ ၂၆ ရက်မှာ အရေးပေါ် အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီနောက် USS Masonဟာ ဒေသတွင်းက ပင်လယ်ဓားပြ တိုက်ဖျက်ရေးအတွက် ဖြန့်ကျက်ထားတဲ့ မဟာမိတ် စစ်ရေယာဉ်တွေနဲ့အတူ Central Parkကို သွားရောက် ဝန်းရံ ပိတ်ဆို့ခဲ့ပါတယ်။ အခြေအနေ မဟန်တဲ့နောက် လက်နက်ကိုင် ၅ ယောက်ဟာ လှေငယ်တစ်စီးနဲ့အတူ ထွက်ပြေးဖို့ အားထုတ်ခဲ့ပေမယ့် မလွတ်မြောက်ဘဲ နောက်ဆုံးမှာတော့ အဖမ်းခံလိုက်ရကြောင်း ရေတပ်က ပြောပါတယ်။
နာရီပိုင်းလောက် အကြာ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ ဟိုသီတွေ ထိန်းချုပ်ထားတဲ့ နေရာကနေ USS Masonဆီ ချိန်ရွယ်တဲ့ ဒုံးကျည် ပစ်ခတ်မှုတွေ ကြုံခဲ့တာပါ။ ဒါပေမဲ့ ဒုံးကျည်တွေဟာ ဖျက်သင်္ဘောနဲ့ ရေမိုင် ၁၀ မိုင်လောက် အကွာက ပင်လယ်ထဲ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ Central Parkရော၊ USS Masonပါ အထိအခိုက် မရှိခဲ့ပါဘူး။

Public Service Announcement
လက်နက်ကိုင်တွေ စီးနင်းတာ ခံခဲ့ရတဲ့ Central Park သင်္ဘောဟာ အစ္စရေးပိုင် Zodia Maritime ကုမ္ပဏီနဲ့ အဆက်အစပ် ရှိနေတယ်လို့လည်း သိရပါတယ်။ အမေရိကန် ရေတပ်ကတော့ အေဒန် ပင်လယ်ကွေ့မှာ ဖြတ်သန်းခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေရဲ့ လုံခြုံရေးအတွက် အစွမ်းကုန် ဆက်လက် အကူအညီ ပေးနေမယ်လို့ ပြောကြားထားပါတယ်။


















































