အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဆက်တိုက် မြင့်တက်လာတဲ့နောက် ဘေရွတ်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက လက်ဘနွန်ရောက် အမေရိကန် နိုင်ငံသားတွေကို ရရာနည်းနဲ့ ထွက်ခွာကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ရတဲ့ လက်မှတ်ကို ဝယ်ပြီး အမြန်ဆုံး ထွက်ခွာကြပါလို့ လက်ဘနွန်ရဲ့ မြို့တော်မှာ အခြေစိုက်တဲ့ အမေရိကန် သံရုံးက ဩဂုတ် ၃ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အလားတူ အကြံပြုချက်မျိုးကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီကလည်း ထုတ်ပြန်ခဲ့ပြီးပါပြီ။ သူက ဒေသတွင်း အခြေအနေတွေဟာ လျင်လျင်မြန်မြန် ဆိုးရွားလာနေတယ်လို့ ပြောပါတယ်။
ဒါဟာ ဘေရွတ်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန် အခြေစိုက် အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ စစ်ဦးစီး အရာရှိ ဖျူရတ်ရှူခါ သေဆုံးတာ၊ အီရန်ရဲ့ မြို့တော် တဟီရန်မှာ လုပ်ကြံမှု တစ်ခုကြောင့် ဟားမားစ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သေဆုံးတာတွေနဲ့ ကြုံတွေ့အပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပါ။ မဟာမိတ် ခေါင်းဆောင် နှစ်ယောက်ကို နာရီပိုင်းလောက်သာ ခြားပြီး ဆုံးရှုံးခဲ့တဲ့နောက် အီရန်က လက်စားချေမယ်လို့ ကြုံးဝါးထားပြီး အီရန်မဟာမိတ် အင်အားစုတွေကလည်း ပူးပေါင်းပါဝင်ဖို့ အသင့်ဖြစ်နေကြောင်း အသီးသီး ထုတ်ပြန်ထားကြပါတယ်။
တကယ်လို့ အီရန်က အစ္စရေးအပေါ် ပစ်မှတ်ထား လက်စားချေ တိုက်ခိုက်တာတွေ ရှိလာရင် အစ္စရေးနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ လက်ဘနွန် နိုင်ငံမှာ အခြေစိုက်တဲ့ ဟစ်ဇ်ဘိုလာတွေဟာ ကြီးမားတဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင်လာဖွယ် ရှိနေပါတယ်။ အဲဒီအခါ လက်ဘနွန်ကို အစ္စရေးက စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး နှစ်နိုင်ငံကြား စစ်ပွဲကြီးပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်လည်း အမေရိကန်နဲ့ ဗြိတိန်တို့ဟာ လက်ဘနွန်ရောက် နိုင်ငံသားတွေ အမြန်ထွက်ခွာဖို့ အလောတကြီး ဆော်ဩနေတာ ဖြစ်ပါတယ်။ ဩဂုတ် ၄ ရက် မနက်ပိုင်းမှာတင် ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး မြောက်ပိုင်း၊ ဘီယတ်ဟီလယ်လ် မြို့ထဲကို ဒုံးကျည်တွေ ဒါဇင်နဲ့ချီပြီး အပြုံလိုက် ပစ်ခတ်ခဲ့ပါသေးတယ်။
ဗီဒီယို မှတ်တမ်းတွေမှာတော့ နေမထွက်သေးခင် အစောပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက အဲဒီဒုံးကျည်တွေကို ခုခံ ပစ်ချနေတာတွေ တွေ့ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ လူအသေအပျောက် သတင်းတော့ မကြားရသေးပါဘူး။
တစ်ဖက်မှာတော့ ကနေဒါ အစိုးရကတော့ နိုင်ငံသားတွေ အနေနဲ့ ဖြစ်နိုင်ရင် လက်ဘနွန်ကနေ ထွက်ခွာကြဖို့အပြင် အစ္စရေးကို သွားရောက်မယ့် ကိစ္စတွေကိုပါ ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း အမေရိကန်ဟာ အီရန်နဲ့ မဟာမိတ်တွေဆီကနေ အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အစုလိုက် အပြုံလိုက် ပစ်ခတ် တိုက်ခိုက်လာနိုင်ခြေကို တုံ့ပြန်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည် ကာကွယ်ရေးတပ်တွေကို ပိုမို ဖြန့်ကျက်ထားလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မဟာမိတ် အစ္စရေးရဲ့ လုံခြုံရေးကို သံကွန်ချာလို အုပ်မိုး ကာကွယ်ပေးထားမယ်ဆိုတဲ့ ကတိကို ထပ်လောင်း အတည်ပြု ကြေညာသွားပါတယ်။
ကိုးကား: Guardian