Connect with us

Hi, what are you looking for?

နိုင်ငံတကာ

F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို စတင်ရောက်ရှိနေပြီလို့ သမ္မတ ဇီလန်စကီး အတည်ပြု

ဥရောပ မဟာမိတ်တွေက ပေးပို့တဲ့ F-16 တိုက်လေယာဉ်တွေ ပထမဆုံးအသုတ် လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြု ကြေညာခဲ့ပါတယ်။

ဥရောပ မဟာမိတ်တွေက ပေးပို့တဲ့ F-16 တိုက်လေယာဉ်တွေ ပထမဆုံးအသုတ် လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြု ကြေညာခဲ့ပါတယ်။

ဒါဟာ ရုရှားကျူးကျော် စစ်ပွဲကို ခုခံ တွန်းလှန်နေတဲ့ ၂ နှစ်ကျော် ကာလတလျှောက် ယူကရိန်းဟာ အနောက်မဟာမိတ် နိုင်ငံတွေဆီက အနောက်နိုင်ငံလုပ် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ တိုက်လေယာဉ်တွေ ပထမဆုံးအကြိမ် လက်ခံ ရရှိမှုလည်း ဖြစ်လာပါတယ်။ အရင်ကတော့ ပိုလန်လို နိုင်ငံမျိုးတွေက ယူကရိန်း တိုက်လေယာဉ်မှူးတွေ အကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဆိုဗီယက် နည်းပညာသုံး တိုက်လေယာဉ် တချို့ကို ပေးပို့ခဲ့ဖူးပါတယ်။

ဇီလန်စကီးနဲ့ ယူကရိန်း စစ်ဘက် အရာရှိတွေဟာ ရုရှားရဲ့ လေကြောင်း စိုးမိုးမှု အသာစီး ရနေတဲ့ အခြေအနေကို တန်ပြန်ဖို့ နည်းပညာမြင့် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးပါလို့ အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုခဲ့ပြီး အဓိကအားဖြင့် အမေရိကန်လုပ် အပေါ့စား F-16တွေ ရရှိဖို့ တွန်းအားပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ဟာ ယူကရိန်းအတွက် ကိုယ်တိုင် F-16တွေ ပေးပို့ရေးကို ငြင်းဆိုခဲ့ပြီး ဥရောပ မဟာမိတ်တွေဆီ ရောင်းချထားတဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ လက်လွှဲပေးရေးကိုပဲ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလေယာဉ်တွေအတွက် လက်နက် တပ်ဆင်ပေးတာ၊ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးတာတွေမှာ အမေရိကန်က ထဲထဲဝင်ဝင် အကူအညီ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်က ဒိန်းမတ်၊ နယ်သာလန်တို့နဲ့အတူ ပူးပေါင်းပြီး ယူကရိန်းအတွက် F-16တွေ ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

F-16တွေ ယူကရိန်းကို ရောက်နေပြီဖြစ်ကြောင်း၊ အဆုံးမှာတော့ ဒီမျှော်လင့်ချက်တွေ လက်တွေ့ ဖြစ်လာခဲ့ကြောင်း ဇီလန်စကီးက အဲဒီ တိုက်လေယာဉ်နှစ်စီး ခြံရံရင်း အမည်ဖော်ပြမထားတဲ့ လေတပ်စခန်း တစ်ခုကနေ ကြေညာခဲ့ပါတယ်။

ရုရှားဖက်ကတော့ ယူကရိန်းဆီ F-16တွေ ရောက်လာတာနဲ့ အစွမ်းကုန် ဖျက်ဆီး ချေမှုန်းပစ်မယ်လို့ ကြုံးဝါးထားသလို အစောပိုင်း ကတည်းကလည်း F-16တွေ အခြေစိုက်မယ်လို့ ယုံကြည်ရတဲ့ ယူကရိန်း လေတပ်စခန်း တချို့ကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါတယ်။

ဇီလန်စကီးက နည်းပညာမြင့် တိုက်လေယာဉ်တွေ ဖြည့်တင်း ကူညီပေးတဲ့ မဟာမိတ်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နောက်ထပ် F-16တွေ အများအပြားကိုလည်း လိုအပ်နေဆဲလို့ ပြောပါတယ်။

ယူကရိန်း လေတပ်ဟာ နည်းပညာပိုင်း အားနည်းချက်တွေ အများအပြား ရှိနေတဲ့ ဆိုဗီယက်လုပ် တိုက်လေယာဉ် အဟောင်းတွေကိုသာ အဓိက မှီခိုနေရပြီး F-16တွေ ရောက်ရှိလာခြင်းက စစ်ဆင်ရေး စွမ်းရည်မှာ ကွဲပြားမှုတွေ ရှိလာစေနိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်တွေ အများအပြားကို အသုံးပြုနိုင်စွမ်း၊ လေယာဉ်မှူးတွေရဲ့ လက်တွေ့ တိုက်ပွဲဝင် အတွေ့အကြုံတွေအပေါ် မူတည်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ အတိုးအလျော့တွေ ရှိနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

ဇီလန်စကီးက F-16 ဘယ်နှစီးထိ ယူကရိန်းဆီ ရောက်နေပြီလဲ ဆိုတာကို ထုတ်မပြောသလို ဘယ်နိုင်ငံက ပေးပို့တာလဲ ဆိုတာကိုလည်း အတိအကျ မကြေညာခဲ့ပါဘူး။ NATO စစ်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းဆီ စုစုပေါင်း F-16 ၆၅ စီးထက်မနည်း ပို့ဆောင်ပေးဖို့ ကတိပြုထားတယ်လို့ ယုံကြည်ရပါတယ်။

F-16တွေရဲ့ ပထမဆုံး မျိုးဆက် တိုက်လေယာဉ်တွေကို ၁၉၇၈ မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စဉ်ဆက်မပြတ် နည်းပညာ အဆင့်မြှင့် မွမ်းမံမှုတွေကြောင့် ကမ္ဘာတလွှားက လေတပ်တွေမှာ F-16တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေနိုင်ဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ NATO အဖွဲ့ဝင် နိုင်ငံ အများအပြားဟာ F-16တွေအစား ပိုမိုခေတ်မီတဲ့ အမေရိကန်လုပ် F-35 မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ အစားထိုးမှုတွေကို ၂၀၁၅ ခုနှစ် ကတည်းက အစပြု လုပ်ဆောင်လာနေပါတယ်။

ဗြိတိန်လို နိုင်ငံမျိုးဟာ F-16တွေ ဝယ်ယူမထားလို့ ယူကရိန်းဆီ လေယာဉ်တွေ မထောက်ပံ့နိုင်ပေမယ့် အဲဒီ လေယာဉ်တွေမှာ တပ်ဆင်နိုင်တဲ့ Storm Shadow တာဝေးပစ် ဒုံးကျည်လို စစ်လက်နက်တွေ ယူကရိန်းအတွက် ပံ့ပိုးပေးသွားမယ်လို့ ကတိပြုထားပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ