ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဝတ်ပြုသူတွေနဲ့ တွေ့ဆုံချိန်မှာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက ကမ္ဘာအနှံ့မှာ စစ်ပွဲတွေ၊ သဘာဝ ကပ်ဘေးတွေနဲ့ ပတ်သက်လို့ ထိခိုက်ခံစားနေရသူ အများအပြားအတွက် ဆုတောင်းပေးကြဖို့ နှိုးဆော်ခဲ့တာဖြစ်ပြီး မြန်မာ၊ ဗင်နီဇွဲလားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အခြေအနေတွေကို အဓိက မီးမောင်းထိုး ထောက်ပြသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးချိန် ကတည်းက ပြည်တွင်းစစ်နွံထဲ နစ်မြုပ်နေခဲ့ပြီး အခုအခါမှာတော့ တိုက်ပွဲတွေက ပိုမို အရှိန်မြင့်တက်လာနေပါတယ်။ အရှေ့အလယ်ပိုင်းမှာလည်း ဂါဇာကမ်းမြှောင် ဒေသရဲ့ စစ်မီးက ဆက်လက် တောက်လောင်နေသလို အစ္စရေးနဲ့ အီရန်ဦးဆောင်တဲ့ ဒေသတွင်း အင်အားစုတွေကြား တင်းမာမှုတွေ ပိုမို ဆိုးရွားလာနေပါတယ်။
ဗင်နီဇွဲလားမှာတော့ သမ္မတ နစ်ကိုလက်စ် မာဒူရိုက ရွေးကောက်ပွဲ ဆက်လက် အနိုင်ရကြောင်း ကြေညာချက်ကို မကျေနပ်တဲ့ ပြည်သူတွေက အုံကြွ ဆန္ဒပြကြပြီး နောက်ဆက်တွဲ အရှုပ်အထွေးတွေနဲ့ ရုန်းကန်နေရပါတယ်။
ဗင်နီဇွဲလားရဲ့ အခြေအနေဟာ အရမ်းအရေးကြီးတဲ့ အနေအထား တစ်ခုကို ဖြတ်သန်းနေရကြောင်း၊ ဆက်စပ်ပါဝင်တဲ့ အဖွဲ့အစည်း အသီးသီးဟာ အမှန်တရားကို ဝိုင်းဝန်း ရှာဖွေရင်း အကြမ်းပတမ်း လုပ်ဆောင်မှု အားလုံးကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုကြောင်း၊ ပြည်သူတွေရဲ့ ကောင်းကျိုးကိုပဲ ရှေ့ရှုပြီး အရာရာ စီမံ လုပ်ဆောင်ကြစေလိုကြောင်း ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ဆုတောင်းစကားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် ဂါဇာအပါအဝင် လက်ဘနွန်မှာပါ စစ်ရိပ်စစ်ငွေ့တွေ ယှက်သန်းလာတဲ့ အရှေ့အလယ်ပိုင်း ဒေသအတွက် စိုးရိမ်စရာ အခြေအနေတွေကိုလည်း ပုပ်ရဟန်းမင်းကြီးက အလေးထား ထောက်ပြသွားခဲ့ပါသေးတယ်။
ဩဂုတ်လ ၄ ရက်နေ့တုန်းက ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ရင်ပြင်မှာ စုဝေးနေသူတွေနဲ့ တွေ့ဆုံချိန်မှာ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုလည်း မေ့မထားကြဘဲ ဆုတောင်းပေးဖို့ တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် မြန်မာ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံထဲက ကီရာလာ ပြည်နယ်မှာ ရေဘေးသင့်မှုတွေကြောင့် လူ့အသက် အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့ သတင်းအပေါ် စာနာဝမ်းနည်းကြောင်း ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ဆုတောင်းစကားတွေထဲမှာ ထည့်သွင်း မိန့်ကြားသွားခဲ့ပါတယ်။
ကိုးကား: CathNews