ဘင်္ဂလားဒေ့ရှ်မီဒီယာတွေဖော်ပြ
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ ရာထူးကနေ နုတ်ထွက်ပြီး နိုင်ငံကနေပါ ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဖော်ပြလာကြပါတယ်။
ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာချိန်မှာ ရဲတွေနဲ့ အာဏာရပါတီ ထောက်ခံသူတွေက အကြမ်းဖက် တုံ့ပြန် ဖြိုခွင်းမှုကြောင့် လူ ၃၀၀ လောက် သေဆုံးခဲ့တဲ့နောက် လူထုရဲ့ ဒေါသတွေ မြင့်တက်လာချိန်မှာ အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း အခြေအနေတွေဟာ အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံမှာ ဆယ်စုနှစ် ငါးခုလောက် ကာလအတွင်း အဆိုးရွားဆုံး၊ အကြမ်းတမ်းဆုံး ပဋိပက္ခတွေလည်း ဖြစ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ် မီဒီယာတွေရဲ့ အဆိုအရ ဟာဆီနာဟာ ရာထူးက နုတ်ထွက်ပြီး ပြည်တွင်းကပါ ထွက်ခွာသွားကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အိန္ဒိယကို ဦးတည်သွားတာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြား ဌာနတွေက ဆန္ဒပြသူတွေဟာ ဟာဆီနာရဲ့ ဝန်ကြီးချုပ် အိမ်တော်ထဲထိ ဝင်ရောက်ပြီး မှန်တွေကို ရိုက်ခွဲ၊ ပဋိဘောဂတွေကို ဖျက်ဆီးနေတာတွေကို တွေ့ရပါတယ်။ အခင်းဖြစ်ရာ နေရာကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် သတင်းထောက် တစ်ဦးက လူပေါင်း ၁၅၀၀ လောက် ဝန်ကြီးချုပ် အိမ်တော်ဝင်းထဲမှာ ရှိနေပြီး ဒေါသတကြီး ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဟာဆီနာဟာ ညီမဖြစ်သူနဲ့အတူ ဘေးကင်းရာ တစ်နေရာဆီ သွားရောက်ဖို့အတွက် ဒါကာကနေ ထွက်ခွာသွားကြောင်း နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ ဝန်ကြီးချုပ်ဟာ မိန့်ခွန်းပြောဖို့ ရည်ရွယ်ခဲ့ပေမယ့် လုံခြုံရေး အခြေအနေတွေက အဆင်မပြေလို့ အလောတကြီး ထွက်ခွာသွားတာလို့လည်း သူက ဆိုပါတယ်။
အစောပိုင်းတုန်းက ဟာဆီနာဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို မင်းမဲ့စရိုက်ဆန်ဆန် ဖျက်ဆီးမှုတွေအဖြစ် ရှုတ်ချခဲ့သလို ရာထူးက နုတ်ထွက်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောခဲ့ပါသေးတယ်။
ဟာဆီနာ ထွက်ပြေးသွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဝေကာအူဇ် ဇာမန်ဟာ တစ်နိုင်ငံလုံးကို ဩဂုတ် ၆ ရက် ညပိုင်းမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဝေကာနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ အစိုးရကြား တင်းမာမှုမှာ ပြည်သူဖက်က ရပ်တည်မယ်လို့ ကြေညာခဲ့သလို စစ်တပ် ထိပ်တန်း အရာရှိ တချို့ဟာ ဆန္ဒပြသူတွေကို အတိအလင်း ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက အစိုးရ အလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်းတစ်ခု သတ်မှတ်ဖို့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင် ဆန္ဒပြခဲ့တာကို ရဲတွေက အကြမ်းဖက် ဖြိုခွင်းရာကနေ အခုလိုမျိုး ဝန်ကြီးချုပ် ထွက်ပြေးရတဲ့ အခြေအနေထိ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကျယ်ပြန့်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား -Reuters