ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပြီး လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေအပြီး ဒေါသထွက်နေတဲ့ ဆန္ဒပြ ပြည်သူတွေဟာ ဒါကာမြို့တော်မှာ ရှိနေတဲ့ ဝန်ကြီးချုပ် အိမ်တော်ကိုပါ ကျူးကျော် ဝင်ရောက်ခဲ့ကြပါတယ်။
လုံခြုံရေးအရ အကြီးအကျယ် ခြိမ်းခြောက်ခံရတဲ့ အခြေအနေ ဖြစ်လာတဲ့နောက် ဟာဆီနာဟာ ဩဂုတ် ၅ ရက်နေ့မှာ ဝန်ကြီးချုပ် အဖြစ်ကနေ ကတိုက်ကရိုက် နုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားရပါတယ်။ ညနေပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဝေကာ အူဇ် ဇာမန်က ကြားကာလ အစိုးရ အဖွဲ့ကို ဦးဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ ပြည်တွင်းမှာ အခြေအနေတွေ ရှုပ်ထွေးနေခဲ့တဲ့ ကာလတလျှောက် ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ ကိစ္စမျိုးတွေမှာ ကိုယ်ထိလက်ရောက် လုံးဝ ဝင်မပါခဲ့ပါဘူး။ ဒါ့အပြင် အခြေအနေတွေ ဆိုးသထက် ဆိုးမလာခင် ဟာဆီနာ ခပ်မြန်မြန် ရာထူးက နုတ်ထွက်ဖြစ်အောင် ဝေကာက တွန်းအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအပေါ် လေးစားမှု ရှိပေးဖို့ နှစ်ရှည်လများ တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ကြားကာလ အစိုးရ အနေနဲ့လည်း ဒီမိုကရေစီ ပြည့်ဝပြီး အစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်တဲ့ အစုအဖွဲ့မျိုး ဖြစ်စေရေးအတွက် တိုက်တွန်းလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ ထိန်းထိန်းသိမ်းသိမ်း စီမံကိုင်တွယ်နိုင်စွမ်း ပြသခဲ့တာကိုလည်း ချီးကျူး အသိအမှတ် ပြုလိုကြောင်း ဖော်ပြထားပါတယ်။
အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဖို့၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည် ရရှိရေး အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့တွေကို သီးခြား ထုတ်ပြန်ချက်တွေနဲ့ တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းမယ့် ကိစ္စကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေတုန်းက ဟာဆီနာရဲ့ အစိုးရကို ညှိနှိုင်းမှု နည်းလမ်းတွေနဲ့ အဖြေရှာဖို့ တိုက်တွန်းခဲ့သလို ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဆီ အမေရိကန် နိုင်ငံသားတွေ မသွားရောက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။
ဟာဆီနာ ထွက်ပြေးသွားတဲ့နောက် ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင်က ဟာဆီနာရဲ့ အခါးသီးဆုံး နိုင်ငံရေး ပြိုင်ဘက်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီရာကို အချုပ်အနှောင်ကနေ လွှတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ရဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၇၈ နှစ်အရွယ် ဇီရာဟာ ၂၀၁၈ တုန်းက အဂတိ စွပ်စွဲချက် တစ်ခုနဲ့ ထောင်ဒဏ် ၁၇ နှစ် စီရင်ချက် ချမှတ် ခံထားရပြီး လောလောဆယ် ထောင်ထဲမှာ ကျန်းမာရေး ချို့တဲ့နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ကိုးကား: Reuters