Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်မယ်လို့ ကြေညာ

ဘင်္ဂလားဒေ့ရှ်ရဲ့ ကြားကာလ ယာယီ အစိုးရကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ်က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ကြားကာလ ယာယီ အစိုးရကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ်က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက ယူနွတ်စ်ဟာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ပြည်ပကို ထွက်ပြေးသွားပြီးတဲ့နောက် လစ်လပ်နေတဲ့ အစိုးရ ယန္တရားကို ဦးဆောင်မှာဖြစ်ကြောင်း၊ သူဟာ ကြားကာလ အစိုးရရဲ့ အကြံပေး အရာရှိချုပ် တာဝန်ကို ယူသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ ကြားကာလ အစိုးရကို ဦးဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ဝန်ကြီးချုပ် ဟာဆီနာကို ဆန့်ကျင်ခဲ့တဲ့ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေက လက်မခံဘဲ ယူနွတ်စ် ဦးဆောင်တဲ့ အစိုးရကိုသာ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၆ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင်က စစ်တပ် ခေါင်းဆောင်တွေ၊ ဆန္ဒပြ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေနဲ့ အကျေအလည် ဆွေးနွေးပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေဖက်က သူတို့ဟာ စစ်တပ် ဦးဆောင်မယ့် ကြားကာလ အစိုးရမျိုးကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း အသိပေးခဲ့ပြီး ယူနွတ်စ်ကို အစိုးရခေါင်းဆောင် တင်မြှောက်ရေးအတွက် အဓိက တွန်းအားပေး အဆိုပြုခဲ့ပါတယ်။ ယူနွတ်စ် ကိုယ်တိုင်ကလည်း အစိုးရကို ဦးဆောင်ပေးဖို့ တောင်းဆိုမှုတွေကို လက်ခံခဲ့ပါတယ်။

စတေးမှုတွေ၊ ပေးဆပ်မှုတွေ အများကြီး ရင်းနှီးထားတဲ့ ကျောင်းသားတွေက နိုင်ငံရဲ့ အချိုးအကွေ့ ကာလတစ်ခုမှာ သူ့ကို ကြားဝင်ထိန်းသိမ်းပေးဖို့ တောင်းဆိုလာတဲ့အပေါ် ဘယ်လို ငြင်းပယ်နိုင်မှာလဲလို့ ယူနွတ်စ်က ဆိုပါတယ်။

အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဂရာမင်ဘဏ်ဆိုတဲ့ လူထု အကျိုးပြု အသေးစား ချေးငွေ လုပ်ငန်းကို ထူထောင်ပြီး ပြည်သူတွေကို အကူအညီပေးခဲ့တဲ့အတွက် ၂၀၀၆ ခုနှစ်တုန်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့် ခံခဲ့ရပါတယ်။ လူထုအုံကြွမှုကြောင့် ထွက်ပြေးသွားသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ဦးဆောင်တဲ့ အစိုးဆီက အဂတိ စွပ်စွဲချက်တွေကို ကြုံခဲ့ပေမယ့် ယူနွတ်စ်ကတော့ အခိုင်အမာ ငြင်းဆိုပြီး အဲဒီစွပ်စွဲမှုတွေဟာ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ယူနွတ်စ်ဟာ အသေးစား ကျန်းမာရေး စစ်ဆေးမှု ကိစ္စတစ်ခုအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြိုု့တော်ကို ရောက်နေခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေး အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာတဲ့နောက် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာနေပြီလို့လည်း သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

သမ္မတက ဘင်္ဂလားဒေ့ရှ် ပြည်တွေကို လက်ရှိ အကျပ်အတည်းတွေကနေ အမြန်ဆုံး လွတ်မြောက်စေလိုကြောင်း၊ ပြဿနာတွေကို ကျော်လွှားရာမှာ ကြားကာလ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့က အရေးတကြီး လိုအပ်နေကြောင်း သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစိုးရ အလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်းသတ်မှတ်မှုကို မကျေနပ်လို့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင် ဆန့်ကျင်ခဲ့တာဟာ အာဏာပိုင်တွေရဲ့ အကြမ်းပတမ်း တုံ့ပြန် ကိုင်တွယ်မှုတွေကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အဆင့်ထိ အသွင်ကူးပြောင်းသွားပြီး ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ အရှုပ်အထွေးတွေဟာ တစ်လလောက်သာ ကြာမြင့်ခဲ့ပေမယ့် လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ပြီး ဩဂုတ် ၄ ရက်နဲ့ ၅ ရက်ကြား ၂၄ နာရီ အတွင်းမှာတင် အသေအပျောက် ၁၀၀ ကျော် ရှိခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ