လုပ်ကြံခံလိုက်ရတဲ့ ခေါင်းဆောင်ဖြစ်သူ နေရာမှာ ဂါဇာက စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေသူ ယာဟ်ယာ ဆင်ဝါကို ဟားမားစ်အဖွဲ့က အစားထိုး ခန့်အပ်လိုက်ပါတယ်။
ဆင်ဝါဟာ ၂၀၁၇ ကတည်းက ဂါဇာ ကမ်းမြှောင်ဒေသမှာ အဓိက ဖြန့်ကျက် လှုပ်ရှားနေတဲ့ ဟားမားစ် အင်အားစုတွေကို ခေါင်းဆောင်နေခဲ့သူပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ဟားမားစ်တွေရဲ့ အလစ်အငိုက် ထိုးနှက် တိုက်ခိုက်မှုကို ဆင်ဝါက အဓိက ညွှန်ကြားခဲ့တာလို့ အစ္စရေးက စွပ်စွဲထားပါတယ်။
ဆင်ဝါဟာ ဂါဇာမှာ ဟားမားစ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အဓိက ကွပ်ကဲနေရာက အခုတော့ ဟားမားစ်ရဲ့ အစုအဖွဲ့ အားလုံးဆီက မဲပေး ရွေးချယ်မှုအရ နိုင်ငံရေးရော၊ စစ်ရေး နယ်ပယ်မှာပါ ခေါင်းဆောင်ခွင့် ရလာတော့မှာပါ။

Public Service Announcement
ပြီးခဲ့တဲ့လက အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ လုပ်ကြံ တိုက်ခိုက်မှု တစ်ခုကြောင့် ဟားမားစ်ရဲ့ နိုင်ငံရေး အကြီးအကဲ အစ္စမေးလ် ဟာနီယာ ရုတ်တရက် ကွယ်လွန်သွားတဲ့နောက် ခေါင်းဆောင်သစ် ခန့်အပ်ဖို့ အပူတပြင်း လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ အီရန်က အဲဒီလုပ်ကြံမှုဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ဘယ်လို မှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်မှာ ဟားမားစ် အဖွဲ့ခွဲ အသီးသီးရဲ့ ကိုယ်စားလှယ်တွေ အကျေအလည် ဆွေးနွေးခဲ့တဲ့နောက် ဟာနီယာရဲ့ အရိုက်အရာကို ဆက်ခံဖို့ နောက်ဆုံးအဆင့် နာမည်နှစ်ခု ထွက်ပေါ်လာပါတယ်။ ဆင်ဝါရဲ့ ပြိုင်ဘက်ကတော့ ဟားမားစ် ပေါ်လစ်ဗျူရိုဖြစ်တဲ့ အထွေထွေ ရှူရာကောင်စီက အဆိုပြုတဲ့ မိုဟာမက် ဟာဆန် ဒါဝစ်ရှ် ဖြစ်ပါတယ်။ အဆုံးမှာတော့ ဟားမားစ် အစုအဖွဲ့ အသီးသီးရဲ့ ကိုယ်စားလှယ်တွေက ဆင်ဝါကိုပဲ တခဲနက် မဲပေး ရွေးချယ်ခဲ့ကြတာပါ။
မဲပေးရွေးချယ်မှုမှာ ပါဝင်ခဲ့တဲ့ ဟားမားစ် အရာရှိ တစ်ဦးကတော့ အခုရလဒ်ဟာ အစ္စရေးရဲ့ လွှမ်းမိုးရန်လိုမှုတွေကို ဟားမားစ်က တညီတညွတ်တည်း ဖီဆန်သွားမယ် ဆိုတာကို စည်းစည်းလုံးလုံး ပြသလိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေးဟာ ညှိနှိုင်းဖြေရှင်းမှုတွေအတွက် အမြဲတမ်း လမ်းဖွင့်ထားတတ်ပြီး သဘောထား ငြင်သာ ပျော့ပျောင်းတဲ့ ဟာနီယာလို ပုဂ္ဂိုလ်မျိုးကို လုပ်ကြံခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် စစ်ရေးအရ ကိုင်တွယ်တာကို အားသန်တဲ့ ဆင်ဝါ ဦးဆောင်မယ့် ဟားမားစ်ကို အစ္စရေးက ကြုံတွေ့တော့မှာဖြစ်ကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
ဆင်ဝါဟာ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေထဲမှာ သဘောထား အတင်းမာဆုံး၊ အစွန်းအရောက်ဆုံးသူ တစ်ယောက်လို့လည်း လူသိများပါတယ်။ သူဟာ အစ္စရေးက အလိုအရှိဆုံးအဖြစ် သတ်မှတ်ခံထားရသူတွေ စာရင်းရဲ့ နံပါတ်တစ်မှာ ဦးဆောင်နေတာပါ။ မနှစ်က အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေးပိုင်နက်ထဲကို ဟားမားစ် တပ်ဖွဲ့ဝင်တွေ ကျူးကျော်တိုက်ခိုက်တာကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး ၂၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စတစ်ခုလုံးကို ဆင်ဝါက အဓိက ကြိုးကိုင်ခဲ့တယ်လို့ အစ္စရေး ထောက်လှမ်းရေးတွေက အခိုင်အမာ ယုံကြည်ထားပါတယ်။
အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကလည်း ဆင်ဝါကို နိုင်ငံတကာ အကြမ်းဖက်သမားတွေ စာရင်းမှာ ထည့်သွင်း သတ်မှတ်ထားပါတယ်။
ကိုးကား: Reuters


















































