ဂျော်ဂျီယာ နိုင်ငံက နှင်းလျှောစီး စခန်းတစ်ခုမှာ အဆိပ်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူတစ်ဒါဇင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဂျော်ဂျီယာရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးနဲ့ အကျယ်ပြန့်ဆုံး နှင်းလျှောစီး ဧရိယာဖြစ်တဲ့ ဂူဒေါ်ရီ ဒေသထဲက စားသောက်ဆိုင် တစ်ခုရဲ့ အပေါ်ထပ် တည်းခိုခန်း ဧရိယာမှာ လူ ၁၂ ဦး သေဆုံးနေတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ဂျော်ဂျီယာ နိုင်ငံသား ၁ ဦးနဲ့ နိုင်ငံသားခြားသား ၁၁ ဦးဖြစ်ပြီး အိပ်စက်နေတဲ့အချိန် ကာဘွန်မိုနော့ဆိုက် အဆိပ်အတောက် ဓာတ်ငွေ့တွေကို ရှူမိပြီး အစုလိုက် အသက်ဆုံးရှုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ကနဦး စုံစမ်းမှုတွေအရ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ တိုက်ခိုက်ခံထားရတဲ့၊ ဒါမှမဟုတ် အတင်းအကျပ် တစ်ခုခု ဖိအားပေးခံထားရတဲ့ ဒဏ်ရာတွေ၊ အရိပ်အယောင်တွေ မမြင်ရဘူးလို့ ရဲတွေက ဆိုပါတယ်။
အဲဒီ အဆောက်အအုံမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က မီးပြတ်သွားတဲ့နောက် ဒီဇယ်မီးစက် တစ်လုံးကို စက်နှိုးထားခဲ့ပြီး အခုသေဆုံးမှုတွေဟာ အဲဒီ မီးစက်နဲ့ ဆက်စပ်လိမ့်မယ်လို့ ရဲတွေက ယူဆနေပါတယ်။ မီးစက်က ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာ လေဝင်လေထွက် သိပ်မကောင်းတဲ့ အဲဒီအခန်းထဲ ရောက်ရှိသွားရာကနေ အဖြစ်ဆိုး ကြုံခဲ့တာလို့ ရဲတွေက ကနဦး ကောက်ချက်ချထားပါတယ်။
အလောင်းတွေကိုတော့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းတုန်းက အိန္ဒိယ စားသောက်ဆိုင် တစ်ခုရဲ့ အပေါ်ထပ်မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
သေမှုသေခင်း ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ လောလောဆယ် မထုတ်ပြန်သေးပါဘူး။ အရင်ကလည်း မီးစက်ကနေ ထွက်တဲ့ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့တွေ ရှူမိရာက လူသေဆုံးတဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့ဟာ အရောင်အဆင်း၊ အနံ့၊ အရာသာ ဘာမှမရှိဘဲ အရမ်း အဆိပ်အတောက်ပြင်းတဲ့ ဓာတ်ငွေ့ ဖြစ်ပါတယ်။
ဂူဒေါ်ရီဟာ နှင်းလျှောစီး ဝါသနာအိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ အထူးရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကော်ကေးရှပ်စ် တောင်တန်းတွေနဲ့ ဆက်စပ်နေရာ မတ်ရှီထာ-မင်တီယန်တီ ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇၂၀၀ လောက်မြင့်ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC