Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားရုံးက တားဆီးခဲ့ပေမယ့် ဗင်နီဇွဲလား ဂိုဏ်းသား ၂၀၀ ကျော်ကို ထရမ့်နယ်နှင်

တရားရုံး တစ်ခုက တားမြစ်မိန့် ထုတ်ခဲ့တဲ့တိုင် အမေရိကန်ဟာ ဒုစရိုက် ဂိုဏ်းသားတွေလို့ စွပ်စွဲခံထားရသူ ဗင်နီဇွဲလား နိုင်ငံသား ၂၀၀ ကျော်ကို အမေရိကန်က နယ်နှင်စေခဲ့ပါတယ်။

El Salvador Presidency/Handout/Anadolu/Getty Images

တရားရုံး တစ်ခုက တားမြစ်မိန့် ထုတ်ခဲ့တဲ့တိုင် အမေရိကန်ဟာ ဒုစရိုက် ဂိုဏ်းသားတွေလို့ စွပ်စွဲခံထားရသူ ဗင်နီဇွဲလား နိုင်ငံသား ၂၀၀ ကျော်ကို အမေရိကန်က နယ်နှင်စေခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့တုန်းက ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း Tren de Araguaရဲ့ အဖွဲ့သား ၂၃၈ ဦးဟာ အမေရိကန်ကနေ အယ်လ်ဆာဗေးဒိုးနိုင်ငံဆီ ရောက်ရှိလာတယ်လို့ အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ်ဘ် ဘူကီလီက လူမှုကွန်ရက်ပေါ် အတည်ပြု ရေးသားခဲ့ပါတယ်။ သူတို့နဲ့အတူ MS-13 ဂိုဏ်းသား ၂၃ ယောက်လည်း ပါလာခဲ့သေးတယ်လို့ ဘူကီလီက ဆိုတယ်။

အမေရိကန်က နယ်နှင်ပြီး အယ်လ်ဆာဗေးဒိုး အကျဉ်းထောင် တစ်ခုဆီကို ရွှေ့ပြောင်း ချုပ်နှောင်စေမယ့် အကျဉ်းသားတွေရဲ့ နာမည်ကိုတော့ အမေရိကန်ရော၊ အယ်လ်ဆာဗေးဒိုးကပါ မထုတ်ပြန်ခဲ့ပါဘူး။ သူတို့ဟာ ဘယ်လို စွဲချက်တွေကြောင့် အမေရိကန်မှာ ထောင်ဒဏ် ကျခံခဲ့ရသလဲ ဆိုတာကိုလည်း နှစ်နိုင်ငံ အစိုးရတွေက မကြေညာခဲ့ပါဘူး။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ရာစုနှစ်တွေနဲ့ချီ ကြာမြင့်နေတဲ့ စစ်ကာလ ဥပဒေဟောင်း တစ်ခုကို ကိုးကားပြီး အကျဉ်းသားတွေကို တခြားနိုင်ငံ တစ်ခုဆီ နယ်နှင် ရွှေ့ပြောင်းမှုက တရားဝင်တယ်လို့ အကြောင်းပြခဲ့တာကို ဖက်ဒရယ် တရားသူကြီး တစ်ယောက်က ပယ်ချပြီး အဲဒီ နယ်နှင်မှုကို တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ အကျဉ်းသားတွေကို အယ်လ်ဆာဗေးဒိုးဆီ ရွှေ့ပြောင်းမှုကို ဖြစ်မြောက်အောင် ဆက်လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ဘူကီလီက တရားရုံး အမိန့်ကို သရော်တဲ့ သဘောမျိုးနဲ့ ‘Oops၊ အရမ်းနောက်ကျသွားပြီ’လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါသေးတယ်။

လူမှုကွန်ရက်ပေါ်ကို ဘူကီလီ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ခြေထိတ်လက်ထိတ် ခတ်ထားတဲ့ သူတွေကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လေယာဉ်တွေဆီကနေ ခေါ်ဆောင်သွားတာ တွေ့ခဲ့ရပါတယ်။

ဘူလီကီက အဲဒီ အကျဉ်းသားတွေကို အယ်လ်ဆာဗေးဒိုးရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အကြီးစား အကျဉ်းထောင်ကြီး စီကော့မှာ ထားရှိမယ်လို့ ပြောပါတယ်။ စီကော့ ဆိုတာဟာ အကြမ်းဖက်မှု တရားခံများ ချုပ်နှောင်ရေးစင်တာရဲ့ အတိုကောက်ပါ။

အမေရိကန်က လက်လွှဲပေးထားတဲ့ အကျဉ်းသားတွေကို အယ်လ်ဆာဗေးဒိုးမှာ ကနဦးအဆင့် တစ်နှစ် တာဝန်ယူ ချုပ်နှောင်ပေးမှာဖြစ်ပြီး အဲဒီ သဘောတူညီချက်ဟာ သက်တမ်း ထပ်တိုးလို့ရမယ်လို့လည်း ဘူကီလီက ဆိုပါတယ်။

Reuters

အမေရိကန်အပေါ် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ရန်လိုထိခိုက်စေတဲ့ နိုင်ငံခြားသား ရန်သူတွေကို နယ်နှင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံခြားသား ရန်သူများဆိုင်ရာ အက်ဥပဒေကို ထရမ့်ရဲ့ အစိုးရက လက်ကိုင်ပြုပြီး အကျဉ်းသားတွေကို နယ်နှင်ခဲ့တာပါ။ ဝါရှင်တန်ဒီစီ မြို့တော် ခရိုင်တရားသူကြီး ဂျိမ်းစ်ဘို့စ်ဘာ့ဂ်က ဒီအကြောင်းပြချက်ဟာ ဥပဒေကြောင်းအရ အငြင်းပွားစရာတွေ ရှိနေတယ်လို့ သုံးသပ်ပြီး နယ်နှင်မှုကို ၁၄ ရက်ကြာ ကနဦး ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပေမယ့် အကျဉ်းသားတွေကို ရွှေ့ပြောင်းခဲ့တဲ့ ကိစ္စကို မတားဆီးနိုင်ခဲ့ပါဘူး။

လေယာဉ်က ထွက်သွားနှင့်ပြီလို့ ရှေ့နေတွေက အသိပေးတဲ့အခါ တရားသူကြီးက သူ့ရဲ့ စီရင်ချက်ထဲမှာ မပါပေမယ့် လေယာဉ်ကို ပြန်လှည့်လာဖို့ နှုတ်မိန့် ပေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ထရမ့် အစိုးရ လက်အောက်ခံ တရားရေး ဝန်ကြီးဌာနရဲ့ ရှေ့နေတွေကတော့ သက်ဆိုင်ရာ နယ်နှင်ခံရသူတွေဟာ အမေရိကန် ပိုင်နက်ထဲမှာ မရှိတော့တဲ့အတွက် စီရင်ချက်ဟာ ဥပဒေ သက်ရောက်မှု မရှိတော့ဘူးလို့ အကြောင်းပြခဲ့ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗစ်က အစိုးရဟာ အမေရိကန် တရားရုံး တစ်ခုရဲ့ အမိန့်ကို ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူးလို့ ကာကွယ် ပြောဆိုသွားပါတယ်။

အမေရိကန် တရားရေး ဝန်ကြီးဌာနက တရားသူကြီး ဘို့စ်ဘာ့ဂ်ရဲ့ စီရင်ချက်ကို အယူခံ ဝင်ဖို့ စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ အမေရိကန် သမ္မတတွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်-အစ္စရေး ပဋိပက္ခနဲ့ ယူကရိန်း စစ်ပွဲအရေးတွေကို ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးကို ကြားဖြတ် မေးခွန်းတွေ မေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးဟာ ဖက်ဒရယ် အေးဂျင့်တွေက အင်အားသုံးပြီး ဆွဲထုတ်တာ၊ လက်ထိတ်ခတ် ဖမ်းဆီးတာတွေ ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ မြေရှားသတ္တု (REM)တွေ တင်ပို့မှုကို တရုတ်က ပြန်လည် ခွင့်ပြုပေးမှာ ဖြစ်တဲ့အတွက် တရုတ် ကျောင်းသားတွေကိုလည်း အမေရိကန်မှာ ပညာသင်ဖို့ ပြန်လည် လက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ အဓမ္မ စစ်မှုထမ်း ခိုင်းစေမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆိုးရွားလှတဲ့ မြေငလျင်ကြီး တစ်ခုရဲ့ ဒဏ်ကိုပါ ဒုက္ခပေါင်းစုံ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပါတယ်။