Connect with us

Hi, what are you looking for?

နိုင်ငံတကာ

USIP ဌာနချုပ်အဆောက်အအုံကို အီလွန်မတ်စ်ခ်ရဲ့ DOGE အရာရှိတွေ ဝင်ရောက် ထိန်းချုပ်

အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အင်စတီကျု (USIP) ဌာနချုပ်ထဲကို အီလွန်မတ်စ်ခ် အဓိက ထိန်းချုပ်နေတဲ့ အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေးဌာန(DOGE) အရာရှိတွေကဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အင်စတီကျု (USIP) ဌာနချုပ်ထဲကို အီလွန်မတ်စ်ခ် အဓိက ထိန်းချုပ်နေတဲ့ အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေးဌာန(DOGE) အရာရှိတွေကဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

USIPဟာ အမေရိကန်ရဲ့ လွတ်လပ်တဲ့၊ အကျိုးအမြတ် မမျှော်လင့်တဲ့၊ ကမ္ဘာတလွှားက ပဋိပက္ခတွေကို တားမြစ် လျှော့ချဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သံတမန်ရေးရာ၊ ကြားဝင်ညှိနှိုင်းရေးနဲ့ တခြား ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍတွေအတွက် သုတေသန၊ ဆန်းစစ်လေ့လာချက်နဲ့လေ့ကျင့်သင်တန်းပေးမှုတွေကိုထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့အမာခံ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ မတ်စ်ခ်က ဦးဆောင်နေတဲ့ DOGEဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ဝါရှင်တန် ဒီစီမှာရှိတဲ့ USIP ဌာနချုပ်ထဲ ဝင်ရောက်ဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာထရမ့်ကUSIPရဲ့ဘုတ်အဖွဲ့ကို သူ့စိတ်ကြိုက် အပြောင်းအလဲတွေ ရုတ်တရက် လုပ်ပစ်ခဲ့ပါတယ်။

အကျိုးဆက်အဖြစ် မတ်လ ၁၇ ရက်နေ့ ညပိုင်းမှာတော့ ဌာနချုပ် အဆောက်အအုံထဲကို ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ DOGE အရာရှိတွေ ဝင်ရောက်ခွင့် ရသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ DOGE အရာရှိတွေက အဆောက်အအုံထဲမှာ ဖြန့်ကျက် နေရာယူထားလိုက်တာ ဖြစ်ပါတယ်။ USIP ဥက္ကဋ္ဌ ဂျော့ဂျ်မုစ်က DOGEဟာ USIP အဆောက်အအုံထဲ ဖောက်ထွင်း ဝင်ရောက်နေတယ်လို့ လူမှုကွန်ရက်ပေါ် စွပ်စွဲ ရေးသားခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ မုစ်ဟာ သူ့ရဲ့ ရာထူးနေရာကန ထုတ်ပယ်ခံထားရပြီးဖြစ်တယ်လို့ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အစိုးရဟာUSIPရဲ့ဘုတ်အဖွဲ့ဝင် အားလုံးလိုလိုကို ထုတ်ပယ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ဥက္ကဋ္ဌ ပီတာ ဂါဗင်တို့ကိုသာ ချန်ထားခဲ့ပါတယ်။ မုစ်ကိုတော့ မတ်လ ၁၄ ရက်နေ့ ကတည်းက ထုတ်ပယ်ပြီးပြီလို့ ဆိုပါတယ်။

ထရမ့်အလိုကျ ခန့်အပ်မှုအဖြစ် ကန်းနက်သ် ဂျက်ဆန်ကို USIP ဥက္ကဋ္ဌ နေရာအတွက်လျာထားကြောင်း လက်ကျန် ဘုတ်အဖွဲ့က ထုတ်ပြန်ပေမယ့် USIP ဘုတ်အဖွဲ့ဝင်ဟောင်းတွေကတော့ အဲဒီ ခန့်အပ်မှုဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ တုံ့ပြန် ဝေဖန်ထားပါတယ်။

USIPဟာ အစိုးရရဲ့ ဖက်ဒရယ် အေဂျင်စီတစ်ခု မဟုတ်ဘဲ ပဋိပက္ခတွေကိုဖြေရှင်းပေးဖို့ရည်ရွယ်ချက်နဲ့ ၁၉၈၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ပြီးတော့ USIPဟာ အဖွဲ့အစည်းရဲ့ အဆောက်အအုံနဲ့ စီမံဆောင်ရွက်မှုတွေကို အပြည့်အဝ ပိုင်ဆိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

USIPရဲ့ လုံခြုံရေး အရာရှိချုပ် ကောလင်း အိုဘရိုင်ယန်က မတ်လ ၁၇ ရက်နေ့မှာ အဖွဲ့အစည်းရဲ့ အရင် လုံခြုံရေး ကန်ထရိုက် ဝန်ထမ်းဟောင်းတွေဟာ အခွင့်မရှိဘဲ အဆောက်အအုံထဲ ဝင်လို့ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ကြောင်း ပြောပါတယ်။ ရဲတွေ ရောက်လာလို့ သူက သွားနှုတ်ဆက်တဲ့ အချိန်မှာတော့ ရဲတွေ ကိုယ်တိုင်က DOGE အရာရှိတွေ ဝင်နိုင်အောင် အဆောက်အအုံ တံခါးကို ဖွင့်ပေးခဲ့ကြောင်း၊ DOGE အရာရှိတွေနဲ့အတူ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ် ရဲအရာရှိ တစ်ဒါဇင်လောက်က ခြံရံ လိုက်ပါပေးခဲ့ကြောင်း သူက ဆိုပါတယ်။

အခြေအနေတွေ ရှုပ်ထွေးခဲ့ပြီး ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ USIPမှာ ဥပဒေမဲ့ ဝင်ရောက်ဖို့ အားထုတ်မှု တစ်ခုအတွက် တိုင်ကြားတာကို လက်ခံရရှိလို့ လိုအပ်သလို တုံ့ပြန်ခဲ့ကြောင်း၊ USIPဖက်က ထွက်ခွာစေလိုတဲ့ လူပုဂ္ဂိုလ်တွေကို ညှိနှိုင်းပြီး ထွက်ခွာစေခဲ့ကြောင်း၊ ဘယ်သူ့ကိုမှ ဖမ်းဆီးတာမျိုး မရှိခဲ့ကြောင်း ပြောပါတယ်။ အဲဒီနောက်မှာမှ DOGE အရာရှိတွေက အဆောက်အအုံထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မုစ်က USIP အဆောက်အအုံထဲ တရားလက်မဲ့ ဝင်ရောက်ခဲ့တဲ့DOGE ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တရားရုံးမှာ အစွမ်းကုန်ဆန့်ကျင်အရေးဆိုသွားမယ်လို့ ပြောကြားသွားပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒွန်ဘေယာဟာ မတ်လ ၁၇ ရက် ညနေပိုင်းက USIP အဆောက်အအုံဆီ ရောက်ရှိခဲ့ပြီး DOGEရဲ့ လုပ်ရပ်ကို အမေရိကန် အောက်လွှတ်တော်ဆီ အရေးဆို တင်ပြမယ်လို့ ပြောပါတယ်။ ဖက်ဒရယ် အစိုးရ အေဂျင်စီ တစ်ခုမဟုတ်တဲ့ USIPကို DOGEက ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ထိန်းချုပ်ခဲ့တယ်ဆိုတာဟာဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီညွတ်သလို တရားဥပဒေ ချိုးဖောက်ရာ ရောက်တယ်လို့ ဘေယာက ဆိုပါတယ်။

ထရမ့်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက ထုတ်ပြန်တဲ့ အထူးအမိန့်အရ ဖက်ဒရယ်အစိုးရဖွဲ့စည်းပုံကို လျှော့ချရမယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ USIPနဲ့ တခြား အဖွဲ့အစည်း တချို့ကို ပစ်မှတ် ထားလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမိန့်နောက်ပိုင်းမှာ အမေရိကန် အစိုးရ လက်အောက်ခံ နိုင်ငံတကာ အထောက်အပံ့နဲ့ပညာရေး အကူအညီပေးမှုဆိုင်ရာ အေဂျင်စီတွေမှာ ပရောဂျက်တွေ ရပ်ဆိုင်းတာ၊ ဝန်ထမ်းတွေကို ထုတ်ပယ် လျှော့ချတာတွေ ရှိခဲ့ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာကယ်လီက USIPဟာ သမ္မတ ထရမ့်ရဲ့ အမိန့်ကို လိုက်နာမှု မရှိခဲ့ဘူးလို့ စွပ်စွဲပါတယ်။

ပြီးတော့ USIPရဲ့ ဘုတ်အဖွဲ့ဝင်တွေကို သမ္မတက ထုတ်ပယ်ခဲ့တာဟာ တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်ကြောင်း၊ ကျန်တဲ့ ဘုတ်အဖွဲ့ဝင်တွေကပဲ ဂျက်ဆန်ကို USIP ယာယီ ဥက္ကဋ္ဌအဖြစ် သဘောတူ တင်မြှောက်ခဲ့ကြကြောင်းကယ်လီကဆို ပါတယ်။

နောက်ပြီး သမ္မတထရမ့်ရဲ့အမိန့်ကိုဆိုးသွမ်း ဗျူရိုကရက်တွေက ဖီဆန်ရာမှာ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေကို ဓားစာခံလို အသုံးချနေတာမျိုးကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ကြောင်း၊ အစိုးရ လက်အောက်ခံ အေဂျင်စီတွေဟာ အမေရိကန် ပြည်သူတွေ ယုံကြည်အပ်နှင်းထားတဲ့ သမ္မတရဲ့ အမိန့်တွေကို မမှိတ်မသုန် အကောင်အထည် ဖော်ကြမှာဖြစ်ကြောင်းလည်း ကယ်လီက မတ်လ ၁၇ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ရက်ပိုင်းအတွင်း အီလွန်မတ်စ်ခ် ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုခဲ့ပြီး မတ်စ်ခ်ဟာ အစိုးရ လုပ်ငန်းစဉ် ထိရောက်စေရေး ကြီးကြပ်မှုဌာန (DOGE)ရဲ့ လုပ်ငန်းစဉ်တွေ မပြီးပြတ်မချင်း ဆက်လက် တာဝန်ယူနေမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ မိတ်ဆွေ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းလာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ Tesla ကားတွေကို ခင်းကျင်း ပြသစေခဲ့ပါတယ်။

နိုင်ငံတကာ

ထရမ့်ဟာ လာမယ့် ရက်ပိုင်းတွေအတွင်း သူ့ရဲ့ အစိုးရ အဖွဲ့သစ်အတွက် အရေးပါတဲ့ ဝန်ကြီးနေရာ ခန့်အပ်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

နိုင်ငံတကာ

Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒီစတုန်းကတော့ Threadsကို ဖန်တီးရာမှာ Twitterရဲ့ အင်ဂျင်နီယာဟောင်း တစ်ဦးမှ မပါခဲ့ဘူးလို့ Threadsကနေတဆင့် ဖြေရှင်း တုံ့ပြန်ထားပါတယ်။