လူပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ဒေါ်လာ ထရီလီယံဝက်ထိ ချမ်းသာတဲ့ စံချိန်မှတ်တမ်းသစ်ကို အီလွန်မတ်စ်ခ်က ပိုင်ဆိုင်ခဲ့ပါတယ်။
Tesla လျှပ်စစ်ကား ကုမ္ပဏီ၊ SpaceX အာကာသ နည်းပညာ လုပ်ငန်းစု၊ Starlink ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ဦးဆောင်သူ နည်းပညာ လုပ်ငန်းရှင်ကြီးရဲ့ ကြွယ်ဝမှု အစုစုဟာ အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းလောက်က ဒေါ်လာ ၅၀၀.၁ ဘီလီယံကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဒေါ်လာ ၁ ထရီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ဘီလီယံပေါင်း ၁၀၀၀ ရဲ့ ထက်ဝက်ထိ ရောက်ရှိလာတာဖြစ်ပြီး သမိုင်းတလျှောက်မှာတော့ လူပုဂ္ဂိုလ် တစ်ဦးတည်းက အဲဒီလောက် ကြွယ်ဝဖူးတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမဲ့ ညနေပိုင်းမှာတင် သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေရဲ့ တန်ဖိုး အပြောင်းအလဲကြောင့် ကြွယ်ဝမှုတန်ဖိုး နည်းနည်းလျော့ပြီး ဒေါ်လာ ၄၉၉ ဘီလီယံ ပိုင်ဆိုင်တယ်ဆိုတဲ့ အခြေအနေကို ရောက်သွားပါတယ်။ အဲဒီလို အချိန်နဲ့ တပြေးညီ အပြောင်းအလဲတွေကိုတော့ နာမည်ကြီး စာရင်းအင်း မဂ္ဂဇင်း Forbesရဲ့ ဘီလီယံနာ သူဌေးကြီးများ ညွှန်ကိန်းက ဖော်ပြနေတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ မတ်စ်ခ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်မှာ ပြိုင်ဘက်တွေကို အပြတ်အသတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ Forbesရဲ့ စာရင်းအရ Oracle ထူထောင်သူ လယ်ရီ အယ်လီဆန်ဟာ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးဆိုတဲ့ နေရာမှာ ရှိနေပြီး ဒေါ်လာ ၃၅၀.၇ ဘီလီယံ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ ဒါဟာ မတ်စ်ခ်နဲ့တော့ ဒေါ်လာ ၁၅၀ ဘီလီယံလောက် ကွာဟနေဆဲဆိုတဲ့ အဓိပ္ပါယ်ပါ။

Public Service Announcement
မတ်စ်ခ်ဟာ အစောပိုင်းတုန်းက သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးပြီး အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သူဦးဆောင်တဲ့ လုပ်ငန်းတွေရဲ့ ရှယ်ယာရှင်တွေကြားမှာ ဆန့်ကျင် ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံရေးကို ကျောခိုင်းပြီး စီးပွားရေးကိုပဲ အာရုံစိုက်ဖို့ သူ့ရဲ့ သဘောထား ပြောင်းလဲသွားခဲ့ခြင်းအပေါ် ရှယ်ယာရှင်တွေက ကြိုဆိုခဲ့သလို Teslaရဲ့ ရှယ်ယာတန်ဖိုးတွေလည်း တက်ရိပ်ပြန်ပြလာခဲ့ပါတယ်။
ကိုးကား: Reuters


















































