Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေ လက်မြှောက် အလျှော့ပေးသွားလို့ အမေရိကန်က တိုက်ခိုက်မှုတွေ ရပ်တော့မယ်လို့ ထရမ့်ပြော

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

EPA

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ယီမင်အခြေစိုက် ဟိုသီတွေဟာ ပင်လယ်နီထဲမှာ သွားလာနေတဲ့ အမေရိကန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက် ရေယာဉ်တွေကို ရန်လို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဟာ မတ်လကစပြီး ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် ဗုံးကြဲနေခဲ့ပါတယ်။

ဒီအတောအတွင်း ဟိုသီတွေရဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ဖက်ကလည်း ဒရုန်းတွေနဲ့ တိုက်လေယာဉ် ဆုံးရှုံးမှု အခြေအနေတွေ ကြုံခဲ့ပါတယ်။

မေလ ၆ ရက်နေ့မှာတော့ ထရမ့်က ဟိုသီတွေဟာ လုံးဝဥဿုံ အလျှော့ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အမေရိကန်ကလည်း ယီမင်မှာ စစ်ဆင်ရေးတွေ ဆက်မလုပ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီတွေက အမေရိကန်နဲ့ ဆက်ပြီး မတိုက်ခိုက်ချင်တော့ကြောင်း၊ ဒီဆန္ဒကို အမေရိကန်ဖက်ကလည်း လေးစားပေးမှာဖြစ်ပြီး ဗုံးကြဲမှုတွေကို ရပ်တန့်တော့မှာဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ တွေ့ဆုံချိန်မှာ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ထရမ့်က အဲဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတပ်နဲ့ အမေရိကန် အစိုးရကြားမှာ ညှိနှိုင်းပေးနေတဲ့ အိုမန် အစိုးရကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခု ရရှိခဲ့ပြီလို့ ကြေညာသွားပါတယ်။ အဲဒီ သဘောတူညီမှုအရ ဟိုသီဟာ ပင်လယ်နီ ရေကြောင်းသွားလာမှုတွေကို ဆက်ပြီး မတိုက်ခိုက်တော့ဖို့ လက်ခံ ကတိပြုခဲ့တယ်လို့ အိုမန်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဟိုသီတွေဟာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုနဲ့ နိုင်ငံတကာ ကုန်သွယ်စီးပွား ရေကြောင်းပို့ဆောင်မှုတွေအပေါ် လေးစားပေးသွားလိမ့်မယ်လို့ အိုမန်ဖက်က ဆိုပါတယ်။ ဟိုသီတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မတ်လမှာ စစ်ဆင်ရေးတွေ စတင်ခဲ့ချိန် ကတည်းက အမေရိကန်ဟာ ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်ပေါင်း ၁၀၀၀ လောက်ကို ဗုံးတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်နေခဲ့တာပါ။

အိုမန် နိုင်ငံခြားရေး ဝန်ကြီး ဘာဒါ အယ်လ် ဘူဆိုင်ဒီကတော့ သူ့ရဲ့ နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသက တင်းမာမှု တစ်ခုကို ပြေလျော့သွားအောင် ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။